ဗန်းမောက်မြို့ဟဲချိန်ကျေးရွာရှိတဲ့ကလေးတွေကို ရှမ်းနီစာပေသင်ကြားပေးနေ

ဟဲချိန်ကျေးရွာမှာ ရှမ်းနီစာပေသင်ကြားနေမှု Photo – Sai Than Zaw

ဇန်နဝါရီ ၇ ၊ ဗန်းမောက်

ဗန်းမောက်မြို့နယ် မြောက်ပိုင်း ဟဲချိန်ကျေးရွာမှာရှိတဲ့ ကလေးတွေကို ရှမ်းနီစာပေ သင်ကြားပေးနေတယ်လို့ ဦးဆောင်သူ စိုင်းသန်းဇော်က ပြောပါတယ်။ 

“ ကျွန်တော်တို့ ဟဲချိန်ရွာဆိုရင် ရှမ်းနီစာကားလည်းပျောက်နေပြီပေါ့ တော်တော်များများပျောက်သွားပြီ၊ လူကြီးပိုင်းတွေပဲ ပြောတတ်တော့တယ်ကလေးပိုင်းတွေမပြောတတ်တော့ဘူးဆိုတော့ ဒီကလေးတွေကို ရှမ်းနီစာပေ ရေးတတ် ဖတ်တတ်အောင်ရယ် ပြီးတော့ ရှမ်းနီစာပေကနေ ရှမ်းနီစကားကို ပြန်ပြီးတော့ ထိန်းသိမ်းလာတတ်အောင် အဲ့လိုရည်ရွယ်တာပေါ့ “ ဟု ၎င်းက ပြောပါတယ်။ 

သင်ကြားမှုကို ဟဲချိန်ကျေးရွာ သာသနာ့ဝေပုလ္လကျောင်းတိုက်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ကတည်းကနေ ယနေ့အချိန်ထိ ဆက်လက်သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ 

သင်ကြားချိန်တွေက ကျောင်းချိန်လွတ်တဲ့အခါ နဲ့ ကျောင်းပိတ်ရက်တွေမှာ အဓိကထားသင်ကြားနေတာလည်းဖြစ်တယ်လို့ဆိုပါတယ်။​

သင်ကြားနေသူတဲ့ ကလေးစုစုပေါင်း ၆၂ ဦးရှိပြီးတော့  ရှမ်းနီစာအပြင် မြန်မာစာ အားနည်းတဲ့သူ ၂၀ ဦးကိုလည်း မြန်မာစာတွေ သင်ကြားပေးနေရတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ KG အတန်း စာအုပ်ကိုသာ အဓိကထားသင်ကြားပေးနေပြီး စာမေးပွဲစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့လည်းဆိုပါတယ်။ 

ဗန်းမောက်မြို့နယ်မှာ ရှမ်းနီတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြပြီးတော့ စာသင်ကျောင်းအများစုမှာလည်း ရှမ်းနီစာပေသင်ကြားမှုတွေရှိနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *