ဗန်းမောက်မြို့အနီးမှာမိုင်းပေါက်ကွဲမှုဖြစ်ပြီးဦးပဇင်းတစ်ပါးနှင့်သူ့ခမည်းတော်ပျံလွန်

ဒီဇင်ဘာ ၁ ၊ ဗန်းမောက် 

ဗန်းမောက်မြို့အနီး နားယကာကျေးရွာ တောစပ်အနီးမှာ  ဦးပဉ္ဇင်းတစ်ပါး နှင့် သူ့ခမည်းတော်တို့နှစ်ဦးဟာ မိုင်းပေါက်ကွဲမှုကြောင့် ပျံလွန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

နိုဝင်ဘာလ ၃၀ ရက်နေ့  နံနက် ၁၁ နာရီကျော်အချိန်မှာ နားယကာ ဘုရားကုန်းမြောက်ဘက် တောစပ်အနီးနားတွင် ထောင်ထားတဲ့မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။ 

“ သားအဖနှစ်ယောက်တောထဲကိုသွားကြရင်းနဲ့ ပေါက်ကွဲတာတဲ့ ၊ သူ့ရဲ့ညီမတွေအစ်မတွေလိုက်သွားကြည့်မလို့ ရောကြာလှတယ်ဆိုတော့ သွားကြည့်တာ ဖြစ်သွားပြီတဲ့၊ သူ့အဖေ ၊ သူ့ဒါကာကြီးပေါ့လေ၊အဲ့တာက ပွဲချင်းပြီးသေတယ်တဲ့၊ အဲ့ဒီဆရာတော်ကတော့ ဆေးရုံမှာ မနေ့ကရင်းနဲ့ ပျံလွန်တော်မူသွားတယ်တဲ့” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုင်းပေါက်ကွဲမှုကြောင့် ဦးပဉ္ဇင်းရဲ့ ခမည်းတော် အသက် ၅၀ ကျော်အရွယ် ဦးစိန်အောင်ကြည်ဟာ ဖြစ်ပွားတဲ့နေရာမှာတင်သေဆုံးပြီး ဦးပဉ္ဇင်းကိုတော့  ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဦးစိန်အောင်ကြည်ကိုတော့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ မီးသဂြိုလ်လိုက်ပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။ 

ဦးပဉ္ဇင်းဟာ  သက်တော် ၃၅ ၊ ဝါတော် (၂၀)နဲ့ ငယ်ဖြူတစ်ပါးဖြစ်သလို ဓမ္မာစရိယအောင်မြင်ထားတဲ့ စာတတ်ကိုယ်တော်တစ်ပါးဖြစ်ပြီး  ဗန်းမောက်မြို့ နားယကကျေးရွာကို လွန်ခဲ့တဲ့လအနည်းငယ်ကမှ ပြန်ရောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

နားယကာကျေးရွာအနီးမှာ လွန်ခဲ့တဲ့ စက်တင်ဘာလကလည်း မိုင်းပေါက်ကွဲမှုကြောင့် ရွာခံအမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲဲ့တယ်လို့သိရပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေအတွင်း ထောင်ထားတဲ့မိုင်းတွေနဲ့ ကြွင်းကျန်စစ်လက်နက်ပစ္စည်းတွေကြောင့် ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ကျွဲနွားများ ထိခိုက်သေဆုံမှုတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *