

မတ် ၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နဲ့ ကပ်လျှက် ရွှေကွန်းတောင်ပေါ်ကျောင်း နဲ့ မြစ်သေးချင်းကျေးရွာကြားမှာ ဘုန်းကြီးတစ်ပါးနဲ့ အရပ်သားတစ်ဦး မိုင်းနင်းမိပြီးထိခိုက်ဒဏ်ရာရရခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းနင်းမိတာကြောင့် ထိခိုက်သူနှစ်ဦးလုံးကို ဗန်းမောက်မြို့ကနေ ဟုမ္မလင်းပြည်သူ့ဆေးရုံကို လွှဲပြောင်းပြီးဆေးကုသမှုတွေပေးနေရတယ်လို့ဆိုပါတယ်။
“ PDF တွေထောင်ထားတဲ့မိုင်းကိုနင်းမိတာတဲ့ ဘုန်းကြီးကို သွားသယ်ခဲ့ပြီး ဗန်းမောက်ဆေးရုံကနေ ဟမလ (ဟုမ္မလင်း) ဆေးရုံဘက်ကိုပို့နေတယ်” လို့ ဗန်းမောက်မြို့ခံတစ်ဦးကပြောပါတယ်။
မိုင်းနင်းမိတာကြောင့် ဘုန်းကြီးနဲ့ အရပ်သားတို့ဟာ ခြေထောက်နှစ်ဖက်လုံးထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လတ်တလော ဘုန်းကြီးမှာ ဒဏ်ရာတချို့သက်သာလာနေပြီး အရပ်သားကတော့ သွေးလိုအပ်ချက်တွေရှိနေတယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။
ဒေသခံတွေက PDF တွေထောင်ထားတဲ့မိုင်းလို့ပြောဆိုပေမယ့် ရှမ်းနီအသံအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို အရင်က စစ်ကောင်စီတပ်ကသာအသုံးပြုခဲ့ပေမယ့်လက်ရှိမှာတော့ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကပါ အသုံးပြုလာနေတယ်လို့ Mine Free myanmar အဖွဲ့က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကုန် အစီရင်ခံစာထဲမှာ စစ်ကိုင်းတိုင်းအတွင်း မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သူ ၁၂၆ ဦးနဲ့ သေဆုံးသူ ၂၇ ဦးရှိပြီး တစ်နိုင်ငံလုံးရဲ့ ၁၇ ရာခိုင်နှုန်းရှိတယ်လို့ပြောဆိုထားပါတယ်။
မြေမြှုပ်မိုင်းနဲ့ ထိခိုက်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူတွေဟာ မြင့်တက်လာနေပြီး မိုင်းအသစ်အသုံးပြုမှုတွေ သိသိသာသာတိုးများလာခဲ့တယ််လို့ပြောဆိုထုတ်ပြန်ထားပါတယ်။