စက်တင်ဘာ ၁၂၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က လုံးကင်းဒေသခံတစ်ဦး တော်လှန်ရေးအင်အားစုတွေရဲ့ ထောင်ထားသည့်မိုင်းကို နင်းမိလို့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိပါတယ်။
လုံးခင်းကျေးရွာနေ အသက် ၆၀ အရွယ်ရှိ ဦးထွန်းမောင်ဟာ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ သူ၏လယ်ဘေးရှိ လျှိုအတွင်း မျှစ်ခူးသွားရကာ ထောင်ထားသည့် မိုင်းကို တက်နင်းမိခဲ့တာလို့ လုံးခင်းဒေသခံတစ်ဦးက ဆိုပါတယ်။
“ အဲ့မှာ လျှိုလေးတစ်လျှိုရှိတယ်လေ။ အဲ့လျှိုထဲမှာပဲ မျှစ်သွားချိုးတယ်ပြောတယ် သူ့လယ်နံဘေးပေါ့။ အဲ့မှာ ထောင်ထားတာ PDFတွေက။ နင်းမိုင်းပဲ ” လို့ ၎င်းကပြောပြပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲပြီး ချက်ချင်းမှာပဲ ဗန်းမောက်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေက သွားရောက်ကြည့်ရှုခဲ့ကြပြီး လူနာကို ဆေးဝါးကုသပေးဖို့ ၎င်းတို့ကိုယ်တိုင် သယ်ဆောင်သွားကြတယ်လို့ သိရှိရပါတယ်။
ဦးထွန်းမောင်ဟာ မိုင်းကြောင့် ခြေထောက်တစ်ဖက် ကျိုးလုနီးပါးဖြစ်သွားပြီး တစ်ဖက်အရိုးထိသွားတယ်လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ခြေထောက်တွေ ဘာတွေကော ဟိုက ကျိုးမတတ်တော့ ဖြစ်သွားတယ်တဲ့။ သူ့ခြေထောက်တွေ ထိထားတယ်လေ အရိုးထိ ရောက်တယ်။”၎င်းက ဆိုပါတယ်။
ဗန်းမောက်တောင်ပိုင်းဒေသရှိ ကျေးရွာ နှင့် အနည်းငယ်ကွာဝေးတဲ့တောစပ်တွေမှာ မိုင်းထောင်ထားမှုတွေရှိပြီး မသွားဖို့ သတိပေးထားမှုတွေလည်းရှိကြောင်းသိရပါတယ်။
“အခု ဒီရွာသားတွေကိုလည်း ပြောမယ်ဆိုရင် တောထဲမသွားခိုင်းဘူး။ သူတို့ထောင်ထားတဲ့မိုင်းတွေ ရှိတယ်လို့ ပြောတယ်လို့ ။ ဒယူးနယ် တစ်ဝိုက်တွေပေါ့နော်။” လို့ နောက်ထပ် ဗန်းမောက်တောင်ပိုင်းဒေသခံတစ်ဦးကပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ထောင်ထားသည့်မိုင်းတွေကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဒေသခံ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို သေဆုံးမှုတွေရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။