
ဇူလိုင် ၁၁ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် အနောက်ခြမ်းဒေသရှိ သာယာကုန်းကျေးရွာကို KIA ဦးဆောင်တဲ့ လက်နက်ကိုင်ပူးပေါင်းတပ်များက drop bomb (ဒရော့ဗုံး)နဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ ဇူလိုင် (၁၁) ရက်နေ့မှာ မနက်ပိုင်းမှာ ဗန်းမောက်မြို့နယ်အနောက်ပိုင်း သာယာကုန်းကျေးရွာကို KIA+PDF မှ လာရောက်ကြဲချခဲ့တာလည်းဖြစ်ပါတယ်။
“ ဒီကနေ့ ၁၁ ရက်၊ မနက် ၈နာရီခွဲ ၉ နာရီဝန်းကျင်မှာ ဗုံး လေးလုံး လာကြဲချသွားတာပေါ့။ သူတို့ အဲ့သာယာကုန်းမှာ ထိမှန်သွားတာ ” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
အဆိုပါဒရုန်းတိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့နေအိမ်ဟာ သာယာကုန်းကျေးရွာမှ ကတူး ဦးဖိုးကောက်၏နေအိမ် ဖြစ်တယ်လို့လည်းသိရပါတယ်။
“အိမ်ကတော့ မီးလောင်သွားတာမျိုးမဟုတ်ပူးဗျ။ သူ့အမိုးလေး နဲနဲပွင့်သွားပြီးတော့မှ မှန်တွေကွဲသွားတယ် ” ၎င်းက ဆက်ပြောပြပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ SNA နဲ့ KIA+PDF တပ်တို့ကြား စစ်ရေးတင်းမာမှုတွေရှိခဲ့ပြီး နှစ်လနီးပါးကြာ ပစ်ခတ်မှုတွေ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။
လက်ရှိ ဗန်းမောက်မြို့နယ် အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသတချို့ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (614) မှ စိုးမိုးထိန်းချုပ်ထားပြီး အင်းတော်-ဗန်းမောက်လမ်းပိုင်း နဲ့ တောင်ပိုင်းဒေသတွေကိုတော့ NUG နဲ့ KIA+PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
