ဗန်းမောက်-ဟုမ္မလင်း ကိုယ်ထူကိုယ်ထလမ်းပိုင်းတွင် တစ်လအတွင်း ကုန်တင်ယာဉ်တိမ်းမှောက်မှု ၄ ခုထက်မနည်းရှိ 

ဖေဖော်ဝါရီ ၂၅ ၊ ဗန်းမောက်

ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ချင်းဆက်  ကိုယ်ထူကိုယ်ထလမ်းပိုင်းမှာ ဖေဖော်ဝါရီလ တစ်လအတွင်းမှာ ယာဉ်တိမ်းမှောက်မှု ၄ ခုထက်မနည်းရှိခဲ့တယ်လို့ ဒေသခံများထံကနေ သိရပါတယ်။ 

ကျွန်တော်သိသလောက်ပဲ ဒီလထဲ သုံးလေးခုလောက်ရှိပြီ။ ဒီဇီးဖြူတောင် တောင်လမ်းက တအားမတ်စောက်တော့ ကားတွေက ခဏခဏမှောက်တာ၊ မနေ့ကတောင် မှောက်လို့၊ အဓိကမှောက်တဲ့ကားတွေက ယမ်းဖောင်ကားတွေပဲ၊  ပြင်ဖို့လိုနေတာ”​ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ယမ်းဖောင်ကားတစ်စီးတိမ်းမှောက်မှုတွေရှိခဲ့ပြီး ကားပျက်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဗန်းမောက်-ဟုမ္မလင်းမြို့နယ်ချင်းဆက်လမ်းပိုင်းမှာ မြေသားလမ်းပိုင်းတွေသာဖြစ်ပြီး ဇီးဖြူတောင်ကြောလမ်းပိုင်းဟာ မတ်စောက်တဲ့လမ်းပိုင်းဖြစ်ပါတယ်။ 

ဒီလိုမတ်စောက်တဲ့ လမ်းပိုင်းအခြေအနေတွေကြောင့် ယာဉ်တွေမကြာခဏတိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ယာဉ်မောင်းတွေက ဆိုကြပါတယ်။ 

ဒီလမ်းပိုင်းတွေကို ပြုပြင်ဖို့အတွက် ရှမ်းနီသံဃာတော်များနှင့် ရှမ်းနီစာပေယဉ်ကျေးမှုအသင်းများ၊ ရှမ်းနီအမျိုးသားများတပ်မတော်တို့က ပူးပေါင်းပြီး ပြင်ဆင်ဖို့ အလှူငွေကောက်ခံမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ 

ဒီခရိုင်ချင်းဆက်လမ်းကို ပြုပြင်ဖို့အတွက်  ရှမ်းနီစာယဉ်တွေက လုပ်နေကြတာရှိတယ်။ ပြုပြင်ဖို့အတွက်ပေါ့လေ၊ ဒီလမ်းပြုပြင်လိုက်ရင်တော့ ရှမ်းနီဒေသအတွင်းသွားလာဖို့အတွက် ပိုလွယ်ကူသွားမယ်။ အခုနှစ်ပိုင်းတွေမှာဒီလမ်းကိုပဲ အဓိကသုံးနေကြရတာ” လို့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက ဆိုသည်။ 

ဟုမ္မလင်း လမ်းဟောင်းဖြစ်တဲ့ ကောလင်း – ဖောင်းပြင် -ဟုမ္မလင်း လမ်းပိုင်းက တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်လယ်ပိုင်းကစ ပိတ်ထားတာကြောင့် ဒီ ဗန်းမောက်-ဟုမ္မလင်းလမ်းကို အဓိကအဖြစ် အသုံးပြုနေကြရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *