ဗန်းမော်ကိုစစ်ကူပို့တဲ့ရဟတ်ယာဉ်နှစ်စီးပစ်ချခံရပြီးပျက်စီး

စက်ချို့ယွင်းလို့စစ်ကောင်စီထုတ်ပြန် 

မေ ၂၁ ၊ ဗန်းမော် 

မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့ကို စစ်ကူ နဲ့ ထောက်ပို့ပစ္စည်းတွေကို သွားပို့တဲ့ ရဟတ်ယာဉ်သုံးစင်းဟာ KIA ရဲ့ ပစ်ခတ်မှုကြောင့် တစ်စင်းပျက်ကျကာ တစ်စင်းက ထိခိုက်ပျက်စီးတယ်လို့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကမ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။ 

စစ်ကောင်စီကထုတ်ပြန်ရာမှာ  ဗန်းမော်မြို့ရှိ ရှေ့တမ်းစခန်းတွေကို ထောက်ပံ့ပစ္စည်းသွားရောက်ပို့ဆောင်ပြီး အပြန်မှာ ဗန်းမော်မြို့ရဲ့ အနောက်တောင်ဘက် ၈ မိုင်ကျော်အကွာမှာ ရုတ်တရက် စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာလို့ဆိုပါတယ်။ 

ဒါ့ပြင် စက်ချို့ယွင်းပြီး ပျက်ကျတဲ့နေရာကိုလည်း တပ်သားတွေ စေလွှတ်ပြီး ရှာဖွေကယ်ဆယ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ စစ်ကောင်စီက ဆိုထားပါတယ်။ 

မနေ့ကညပိုင်းမှာပျံ့နှံ့ခဲ့တဲ့ရုပ်သံဖိုင်ထဲမှာ ပျက်ကျနေတဲ့ ရဟတ်ယာဉ်အနီးမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ရောက်နှင့်နေပြီး ယာဉ်မောင်းတစ်ဦးရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကိုတွေ့ရှိရတာဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကျန်ရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မင်းခေါင်စစ်ဆင်ရေး တစ်ရပ်ဖော်ဆောင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြင့်သွားမယ်လို့ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ တစ်လကျော်မှာလည်း ဗန်းမော်မြို့ဟာ လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေအများဆုံးသော မြို့တစ်ခုလည်းဖြစ်ခဲ့တယ်လို့ ISP Myanmar ရဲ့ သုတေသနစာတမ်းက ဖော်ပြထားပါတယ်။ 

ဗန်းမော်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဆင်နွဲနေတာ လနှင့်ချီကြာမြင့်လာပြီလည်း  လေဆိပ်လည်း ထိန်းချုပ်ခံရပြီးနောက် စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ရဟတ်ယာဉ်ဖြင့်သာ အဓိက ပို့ဆောင်နေရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *