ဗန်းမော်တက္ကသိုလ်မှကျောင်းသား/သူများကိုဗန်းမော်အထက (၁) တွင်အချိန်ခွဲပြီးဖွင့်လှစ်သင်ကြားနေရ

ဇွန် ၆ ၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေးတင်းမာမှုတွေကြောင့် နန့်ဖားကျေးရွာအနီးရှိ ဗန်းမော်တက္ကသိုလ်ပိတ်ထားရပြီး  တက္ကသိုလ် ကျောင်းသား/သူတွေဟာ  ဗန်းမော်မြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ အချိန်ပိုင်းခွဲပြီး စာသင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဗန်းမော် (ဝိဇ္ဇာ၊သိပ္ပံ) တက္ကသိုလ် မဖွင့်လှစ်နိုင်တာနဲ့ပတ်သက်ပြီး ဗန်းမော်မြို့ဒေသခံ တစ်ဦးက အခုလို ရှင်းပြလာပါတယ်။

“ နမ့်ဖား တက္ကသိုလ်။ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်လေ။ လောလောဆယ် မြို့ထဲမှာ လာဖွင့်တယ်လေ။ ဟိုမှာ သူ့နေရာမှာက သွားမဖွင့်ရဲသေးဘူးလေ။  ပထမက နမ့်ဖားမှာလေ ဗန်းမော်နဲ့ ၅ မိုင် လောက် ဝေးတဲ့နေရာမှာ။ ကွန်ပျူတာက ၅ မိုင်ဘက်ကလေ။ မိုးမောက်ဘက်က အဲ့ဒါ ကွန်ပျူတာလည်း မဖွင့်နိုင်ဘူး။ နည်းပညာတော့ ဖွင့်နိုင်တယ်။”

ဗန်းမော်မြို့ အမှတ်(၁) အထက်တန်းကျောင်းက  အထက်တန်းကျောင်းသား/သူတွေကို မနက်ပိုင်းမှာ သင်ကြားပေးပြီး တက္ကသိုလ်ကျောင်းသားတွေကိုတော့ ညနေပိုင်းသင်ကြားနေတာပဲ ဖြစ်ပါတယ်။

“ မနက်ကို အထက်တန်းကျောင်းသားတွေ တက်တယ်။ ညနေကို ကောလိပ်ကျောင်းသားတွေ တက်တယ်။ မနက် ၉ နာရီကနေ ၁၂ အထိ အထက်တန်းကျောင်းသား ၁ နာရီကနေ ညနေ ၅ နာရီအထိ တက္ကသိုလ် အဲ့ဒီလို လုပ်နေတယ် ”  လို့ သူက ဆက်ပြောပါတယ်။ 

ဗန်းမော်တက္ကသိုလ် ဒုတိယအဖြတ်ပညာသင်ကာလကို ဇွန်လ ၃ ရက်နေ့က အထက (၁) မှာ စတင်ပြီး ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ 

နမ့်ဖားရှိ ဗန်းမော်တက္ကသိုလ်မှာ ရွှေကူမြို့ ၊ မိုးမောက်မြို့ နှင့် မံစီမြို့ စတဲ့ ဒေသက ကျောင်းသား/သူတွေ တက်ရောက်ကြတာဖြစ်ပြီး လက်ရှိအချိန်ထိ ကျောင်းအပ်နေတာလည်း ရှိတယ်လို့ ဆိုပါတယ်။

“ရှိပါပြီ ရာဂဏန်းတော့။ အရင်လောက်တော့ မများဘူးပါ့အေး။ နှစ်ရာလောက်တော့ ရှိပြီ။ တစ်ခြားမြို့ကလည်း လာတယ်။ ရွှေကူတို့ မိုးမောက်၊ မံစီတို့ကလည်း လာတယ်။ ရွာပိုင်းကတွေပဲ။ မြို့ထဲကတွေလည်း တက်တယ်လေ။ ကျောင်းတွေကတော့ အပ်နေကြတယ်။ ဟိုအရင်လိုကြီးတော့ စံချိန် သိပ်မမြင့်ဘူးပေါ့။”

သက်ဆိုင်ရာက နေရာထိုင်ခင်းအတွက် မစီစဥ်ပေးနိုင်သည့်အတွက် နမ့်ဖားတက္ကသိုလ်ကျောင်းသားများအပါအဝင် တက္ကသိုလ်ဆရာ/မများပါ ဗန်းမော်မြို့အတွင်းမှာ အိမ်ငှားပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ပထမတစ်ဖြတ် နှစ်ဝက်အတွင်း ဗန်းမော်တက္ကသိုလ်မှာ ပထမနှစ်မှ မဟာတန်းအထိ  တက်ရောက်နေသူ ၁၆၈၀ ကျော်ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲနီးကပ်လာမှုများကြောင့် ဗန်းမော်တက္ကသိုလ်အတွင်းရှိ ဆရာ/မ များနဲ့ ကျောင်းသား/သူများကို စစ်ကောင်စီ  ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ ညတွင်းချင်း မြို့ပေါ်ကိုရွေ့ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *