ဗန်းမော်မြို့တွင်းတိုက်ပွဲဆက်ဖြစ်ပွားနေပြီး K IA+PDF ပူးပေါင်းတပ်ဖွဲ့များ မြို့တွင်းတွင် ထိန်းချုပ်နိုင်ခြင်းမရှိသေး

ဒီဇင်ဘာ ၂၇ ၊ ဗန်းမော် 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်မြောက်ရေးတပ် KIA+PDF ပူးပေါင်းတပ်တွေက   မြို့သိမ်းတိုက်ပွဲသုံးပတ်ကျော်လာတဲ့အချိန်ထိ မြို့တွင်းကိုဝင်ရောက်နေရာယူနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံများထံမှ သိရပါတယ်။

 “ ဗန်းမော်မှာ ကျွန်တော်တို့ထင်နေတာ ရဲစခန်းတွေကျသွားပြီထင်နေကြတာမလား အဲဒါတွေကမဟုတ်ပါဘူးတဲ့ ခုနလေးကမှဖုန်းပြောပြီးတာ” ဟု ဗန်းမော်မြို့ခံနဲ့ အဆက်အသွယ်ရရှိခဲ့သူ မြစ်ကြီးနားစစ်ရှောင်တစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

 ပူးပေါင်းတပ်ဖွဲ့များဘက်က သိမ်တော်ကြီးဘုရားဝင်းရှေ့ရှိ စစ်ကောင်စီတပ်ဖွဲ့များရဲ့ ရဲစခန်းကို မကြာခနလာရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးပစ်ခတ်ခြင်းများပြုလုပ်နေတာကြောင့် အပြန်အလှန်ပစ်ခတ်မှုများ နေ့စဉ်လိုလိုဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

 ဒါကြောင့် စစ်ဘေးတိမ်းရှောင်ခြင်းမရှိတဲ့ ဒေသခံများက စစ်ကောင်စီတပ်ဖွဲ့များရဲ့ အနီးတစ်ဝိုက်တွေမှာ နေထိုင်ခြင်းမရှိကြတော့ဘဲ ယခုရက်ပိုင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကုက္ကိုတော၊ ဟန်းတဲ၊ဆင်ကုန်းစတဲ့ရပ်ကွက်တွေမှာ အများဆုံးစုစည်းနေထိုင်နေကြကြောင်း သိရပါတယ်။

တိုက်ပွဲကနေ့တိုင်းဖြစ်နေတာ မီးတွေနေ့တိုင်းလောင်နေတာလည်းမြင်နေရတယ်  ဘယ်နားလောင်တာလည်းဆိုတာတော့ အတိအကျမပြောနိုင်ဘူး လေယာဉ်ဗုံးကလည်း တစ်ခါတစ်လေကျရင် အလုံး(၃၀)ထိတောင် တပလိတ်တည်း (တစ်ပြိုင်တည်း)ချတာမျိုးတွေရှိတယ်တဲ့  သူတို့လည်းကြောက်လို့ထွက်ပြေးလာတာတဲ့’ ဟု တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သူကဆက်ပြောပြပါတယ်။

စစ်ကောင်စီဘက်ကလည်း နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် နေအိမ်မီးလောင်မှုများနဲ့ ဒေသခံထိခိုက်သေဆုံးဒဏ်ရာရမှုတွေလည်း ရှိနေကြောင်းသိရပါတယ်။

ဗန်းမော် မြို့တွင်းမှာ ဒီဇင်ဘာလ (၄)ရက်နေ့ကနေ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ကာ ယနေ့အချိန်ထိ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံဆယ်နဲ့ချီ သေဆုံးမှုတွေရှိနေတယ်လို့ကြားသိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဗန်းမော်မြို့မှာ (၂၀၁၄)သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းကျော်နေထိုင်ပြီး ယခုနောက်ပိုင်း ခရိုင်အတွင်းက မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်သူအများစုက ဗန်းမော်မြို့မှာခိုလှုံနေကြကာ မြို့တွင်းမှာလူဦးရေနှစ်သိန်းကျော်ခန့်ရှိနေခဲ့ပြီးနောက် ဒီဇင်ဘာလကနေစ မြို့မှတိမ်းရှောင်ထွက်ခွာခဲ့မှုတွေလည်း အများအပြားရှိလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *