ဗန်းမောက်မြို့နယ် စစ်ကောင်စီတပ် နှင့် PDF တပ်တို့  တိုက်ပွဲ ဖြစ်နေစဥ်အတွင်း ဖြတ်မောင်းသည့် ပြည်သူတစ်ဦး သေနတ် ထိမှန်သေဆုံး

ဧပြီ ၁ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသ   ပင်ဟင်းခါး-ရွှေကျောင်းကျေးရွာအနီး မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ  စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ကြား  တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဆိုင်ကယ် ဖြတ်မောင်းခဲ့သည့် ခရီးသွားပြည်သူတစ်ဦး သေနတ်ထိမှန် သေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတစ်ခုကနေ သိရှိရပါတယ်။

ကြောင်လည်ကျေးရွာနေ    အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ကိုဝင်းဗိုလ် နှင့် ၊ သူ့မိခင် ၊  ညီမတစ်ဦး စုစုပေါင်း (၃) ဦးဖြင့် ဗန်းမောက်မြို့ပေါ် ဆေးခန်းလာပြဖို့ လာစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

“ဆိုင်ကယ် စီးခဲ့တာ။ သူ့အမေကိုက လေဖြတ်ထားတော့ ကြားထဲမှာ ညှပ်ထည့်တာတဲ့။ သူ့ညီမက အနောက်ကနေပြီးတော့ ထိမ်းခဲ့တာ။ သူက ​ရှေ့ကမောင်းခဲ့တာ။ အဲ့ဒီမောင်းခဲ့တဲ့သူက သေသွားတာ။ သေနတ်မှန်သွားတာ။”လို့ ဖြစ်စဥ်ကို သိရှိတဲ့ သတင်းအရင်းအမြစ်က ပြောပြပါတယ်။

တိုက်ပွဲကြောင့် သူ့မိခင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဗန်းမောက်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ 

အဆိုပါ မိသားစုဟာ တိုက်ပွဲတွေကြောင့်  ကျန်းမာရေးအကြောင်းပြကာ ဗန်းမောက်မြို့သို့ စစ်ရှောင်ရင်း အခုလိုဖြစ်သွားတာလို့ ကြောင်လည်ဒေသခံတစ်ဦးက အတည်ပြုပါတယ်။

ဗန်းမောက်မြို့ကနေ အနောက်ဘက်ဒေသကို သွားသည့် စက်တော၊ အလယ်ကံ ၊ ပင်ဟင်းခါး၊ ရွှေကျောင်း စတဲ့ကျေးရွာတွေမှာ မတ်လ ၂၉ ရက်နေ့မှစ ၃၁ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *