ဗန်းမော်မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မြို့၏ သုံးပုံနှစ်ပုံပျက်စီးနေ

မေ ၂ ၊ ဗန်းမော်

ဗန်းမော်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွဲနေတာ လနှင့်ချီကြာမြင့်လာပြီး မြို့ကိုအလုံးစုံ မသိမ်းပိုက်နိုင်သေးတဲ့ ကာလမှာပဲ မြို့ဟာ သုံးပုံနှစ်ပုံပျက်စီးသွားခဲ့တယ်လို့ မြို့ထဲကို ဝင်ရောက်ခဲ့သူတချို့က ပြောပြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်က ဗန်းမော်မြို့အတွင်းကို ဝင်ရောက်ပြီး အခြေအနေကြည့်ရှု့ခဲ့တဲ့ ဘာသာရေးဆရာတစ်ဦးနဲ့ နီးစပ်သူက မြို့ပျက်စီးမှုအကြောင်းကို ပြောပြပါတယ်။

အခုက အမှတ် (၁​) စျေးမီးလောင်တယ်။ အစတုန်းကဆိုရင် သင်္ဘောဆိပ်ဘက်နား၊တစ်ခေါက်မီးလောင်သွားတာလေ။ အခုနောက်ပိုင်း အမှတ် ၁ စျေး သီရိရတနာစျေးမီးလောင်တယ်ဆိုတော့ အဲ့မှာလည်းအများကြီးပြန်ပါသွားနိုင်တယ်။ ဗန်းမော်အိမ်တွေက တံစက်မြိတ်တွေက ထွက်ထားတာလေ”​လို့ ဆိုပါတယ်။

ဗန်းမော်မြို့ကို KIA+PDF ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစပြီး မြို့သိမ်းတိုက်ပွဲဆင်နွဲနေတာ ငါးလတာကြာမြင့်လာခဲ့ပြီး လူပေါင်းတစ်သိန်းကျော်ထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။

အခုရက်ပိုင်းမှာလည်း မြို့သိမ်းတိုက်ပွဲပြန်လည်အရှိန်မြင့်လာတာကြောင့် အဆောက်အဦး နေအိမ်တချို့လည်း လက်နက်ကြီးကျည်တွေထိမှန်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွကေဆိုပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေဟာ စ.က.ခ ( ၂၁) ၊ ခ.လ.ရ ၄၇ အတွင်းကနေ တိုက်ခိုက်နေသလို မြို့အတွင်းက ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးဝင်းတချို့ကနေလည်း ခုံခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

ရဲစခန်းတောင်မသိမ်းနိင်သေးဘူး။ သိမ်တော်ကြီးရှေ့ကရဲစခန်းလေ။ အဲ့မှာစစ်တပ်ကရှိတယ်လေ။ အခုနောက်ပိုင်းက တပ်မှာကြီး နေတာမဟုတ်ဘူး သူတို့တွေက ဖြန့်ပြီးနေတာလေ။ အခု စကခ ၂၁ သိမ်းတယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့” ဗန်းမော်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဗန်းမော်မြို့အတွင်းမှာ စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေသာ တိုက်ခိုက်ရင်းကျန်ရစ်နေကာ ဒေသခံအားလုံးနီးပါးကတော့ စစ်ဘေးတိမ်းရှောင်နေတာ လနှင့်ချီကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

ဗန်းမော်မြို့နဲ့ မိုင်အနည်းငယ်အကွာက မိုးမောက်မြို့နယ်တစ်ခုလုံးကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတာ တစ်နစ်နီးပါးကြာမြင့်လာခဲ့ပြီလည်းဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားတချို့လည်း လည်ပတ်နေပြီဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *