
ဩဂုတ် ၂၃ ၊ ဗန်းမော်
ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးက စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အခုရက်ပိုင်းမှာ မြို့အဝင်ကားလမ်းများအားလုံးပိတ်ထားသလို လေကြောင်းလိုင်းများ ရပ်နားထားရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ အခုဆိုလည်း ကယ်ရီသမားတွေပြောတာတော့ အခုကမြို့ကိုအဝင်အထွက်တွေအကုန်လုံးပိတ်ထားတယ်တဲ့ မန်းလေးကိုထွက်လို့လည်းမရဘူးတဲ့ လေယာဉ်တစ်ခုပဲရှိတယ်သွားချင်ရင်တောင်မှတဲ့ လေယာဉ်ကလည်းဒီနေ့ဆိုဒီနေ့ချက်ချင်းမရဘူး စောင့်ရသေးတယ်’ လို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဗန်းမော်မြို့ကနေ မန်းလေးမြို့ကို အလုပ်အကိုင်သွားရောက်ရှာဖွေသူ အမျိုးသမီးငယ်တစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ဗန်းမော်-မန္တလေး ၊မန္တလေး-ဗန်းမော် လေကြောင်းလိုင်းတွေကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လ(၂၁)ရက်နေ့ကစပြီး လေယာဉ်ပြေးဆွဲခြင်းကို ခတ္တရပ်ဆိုင်းထားတာဖြစ်ပြီး လက်မှတ်မှာယူထားသူအားလုံးကိုလည်း ပယ်ဖျက်ထားတယ်လို့ သိရပါတယ်။
“ တစ်ပတ်လောက်ရှိပြီနော် တိုက်ပွဲတွေရှိလို့လမ်းပိတ်ထားတာ ဘယ်နေ့အထိပိတ်မယ်ဆိုတာလည်းမသိဘူး’ဟု မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို ပြေးဆွဲနေတဲ့ကားဂိတ်များထံလည်း ဖုန်းဆက်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအထိ ဗန်းမော်-မန္တလေးကားလမ်းအတွက် စစ်ကိုင်းတိုင်း၊အင်းတော်မြို့လမ်းကို နှစ်ညအိပ်သုံးရက်ခရီးဖြင့် ကားခကျပ်နှစ်သိန်းနီးပါးထိ ပေးဆောင်ကာ ကွင်းလမ်းအဖြစ်အသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။
ဗန်းမော်-နမ့်ခမ်းလမ်းကိုတော့ လမ်းပိုင်းဆိုးရွားမှုကြောင့် ဆိုင်ကယ်ကယ်ရီတွေသာ သွားလာလို့ရကာ နေ့ချင်းရောက်ရှိပြီး ကျပ်သုံးသိန်းကောက်ခံတယ်လို့ နမ့်ခမ်းမြို့ကိုသွားရောက်ခဲ့သူတွေက ဆိုကြပါတယ််။
မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို စက်သုံးဆီယာဉ်ဝင်ရောက်မှုတွေလည်းမရှိတော့ပဲ တရုတ်ပြည်က တင်သွင်းလာတဲ့စက်သုံးဆီတွေကိုသာ တစ်လီတာကျပ်(၁)သောင်းနီးပါးထိ အသုံးပြုနေကြရကြောင်း သိရပါတယ်။