
စက်တင်ဘာ ၂၇ ၊ နေပြည်တော်
စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က တိုင်းရင်းသားတန်းတူညီမျှရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းရေးကိုပြောဆိုခဲ့တယ်လို့ SSPP သတင်းထုတ်ပြန်ရေး စာမျက်နှာကနေ ပြောဆိုထားပါတယ်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နဲ့ SSPP/SSA ၊ UWSA ၊ NDAA တို့ စက်တင်ဘာလ ၂၆ ရက်နေ့တွေ့ဆုံမှုမှာထည့်သွင်းပြောဆိုခဲ့တာပါ။
တိုင်းပြည်တည်ငြိမ်အေးချမ်းတိုးတက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် အချက် (၉) ချက်ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပင်လုံကတိကဝတ် ၊ ပင်လုံစာချုပ်တွေကို အကောင်အထည်ဖော်ဖို့ ၊ ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး ၊ တိုင်းရင်းသား တန်းတူညီမျှရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိစ္စတွေကို ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။
SSPP/SSA နဲ့ အတူ အစည်းအဝေးသွားတက်ရောက်တဲ့ “ ဝ” သွေးစည်းညီညွတ်ရေးပါတီ UWSA က “ ဝ”ပြည်နယ် သတ်မှတ်ပေးဖို့ ၊ NDAA မိုင်းလားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသအဖြစ် သတ်မှတ်ပေးဖို့ စစ်ကောင်စီဘက်က မူအားဖြင့် သဘောတူတယ်လို့ ဘီဘီစီမြန်မာ သတင်းမှာ ဖော်ပြထားပါတယ်။