ဗဟိုအစိုးရမှ PanAust ကုမ္ပဏီကို ရွှေနှင့်ကြေးနီသတ္တုများ စမ်းသပ်တူးဖော်ခွင့် ဧက တစ်သိန်းရှစ်သောင်းငါးထောင် ချထားပေးမှုသည် ဌာနေရှမ်းနီတိုင်းရင်းသားများ၏ နိုင်ငံသားအကျိုးစီးပွားဆုံးရှုံးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက သဘောထားထုတ်ပြန်ပြောဆိုထားသည်။
PanAust ကုမ္ပဏီသည် ဝန်းသို ၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ် စသည့်နယ်စပ် တောင်တန်းများတွင် ရွှေနှင့်ကြေးနီ သတ္တုများကို သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာန(MONREC)က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို စမ်းသပ်တူးဖော်မှုများအတွက် ခွင့်ပြုရာတွင်လည်း ဌာနေတိုင်းရင်းသားများ၏ သဘောထားများကို ကြိုတင်ရယူမှုမရှိကြောင်းလည်း ပြောဆိုထုတ်ပြန်ထားသည်။
ထိုသို့အစိုးရမှ သတ်မှတ်ပေးထားသည့် ဧကများကိုလည်း နိုင်ငံသားအကျိုးစီးပွားဆုံးရှုံးမှုမရှိစေရန်အတွက် ဧကလျော့ပေါ့စဉ်းစားပေးရန် ၎င်းတို့အသင်းက တောင်းဆိုထားသည်။