ဒီဇင်ဘာ ၁၅ ၊ မန္တလေး
မန္တလေးမြို့အနီးမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရှေးဟောင်းစေတီပုထိုးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီဇင်ဘာ(၁၅)ရက် မနက် (၃) နာရီကျော်အချိန်မှာ တံတားဦးမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာကို ဗဟိုပြုပြီးငလျင် အင်အားရစ်(ခ်)တာစကေး ၅ဒသမ ၂အဆင့်ရှိတယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်
ရှေးဟောင်းစေတီ ပုထိုးတွေရှိတဲ့ မင်းကွန်းဒေသမှာလည်း ကြီးလေးကြီးထဲက ခြင်္သေ့ကြီးမှာ မူလကတည်းက အက်ကြောင်းရာရှိနေတဲ့ လက်မောင်းရင်း ပဲ့ကျသွားတယ်လို့
မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသက ရှေးဟောင်း မင်းကွန်းပုထိုးတော်ကြီး အက်ကြောင်းပိုပိုခဲ့သလို ကြီးလေးကြီးထဲက ခြင်္သေ့ကြီးရုပ်တုမှာ လက်မောင်းရင်းပဲ့ကျမှုဖြစ်ခဲ့ကာ ၊ အင်းဝမြို့က ရှေးဟောင်းနေရာတချို့ထိခိုက်တာနဲ့ စေတီပုထိုးတွေထီးတော်မြေခတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မန်းလေးမြို့မှာလည်း ခန္တောတိုက်မဏိရတနာကျောင်းဝင်းစေတီစိန်ဖူးတော် မြေခခဲ့တာတွေနဲ့ တစ်ခြားထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။
‘ ဟုတ်တယ်ငလျင်လှုပ်သွားတာ တော်တော်ကြမ်းတယ် ၃နာရီ ၁၆လောက်ကပါ့လေ တိုက်ပေါ်မှာနေတဲ့လူတွေက ထအော်တဲ့လူကအော် ၊ လမ်းပေါ်ထွက်သွားတဲ့သူကသွားနဲ့လေ ၊ မိုးခြိမ်းသလိုဝုန်းဝုန်းဆိုပြီးဖြစ်သွားတော့လေ ၊ တော်တော့်ကိုကြမ်းတယ်၊ ဒီ့ထက်များတာကြမ်းရင်တော့ တိုက်တွေများတောင်ပြုတ်ထွက်ကျိုးပဲ့ကုန်မလားတောင်မသိဘူး ၊ အရမ်းကြီးမကြာလိုက်တာပဲတော်သေးတယ်ပြောရမှာပေါ့ ‘ လို့ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။
မြေငလျင်ဒဏ်ကို မန္တလေး ၊စစ်ကိုင်း၊ အင်းဝ ၊တံတားဦးမြို့တွေမှာ သိသိသာသာခံစားရတယ်လို့ သိရပါတယ်။
၂၀၁၂ခုနှစ် နိုဝင်ဘာလ၁၁ရက်တွင်လည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ရစ်(ခ်)တာစကေး ၆ဒသမ ၈အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရူံးမှုတွေ ရှိခဲ့ဖူးပါတယ်ရှင်