ဧပြီ ၄ ၊ မိုးညှင်း
မိုင်းဖုန်းဆရာတော်၏ မိုးညှင်းမြို့ခရီးစဉ်အတွင်း ဆရာတော်၏ တရားပွဲ နှင့် ကြိုဆိုရေးအတွက် ပြင်ဆင်ထားမှုများ အားလုံးပြီးစီးတော့မည်ဖြစ်ကြောင်း မိုးညှင်းမြို့ခရီးစဉ်အတွက် တာဝန်ယူထားသည့်ကော်မတီ အတွင်းရေးမှူးက ပြောပြပါတယ်။
ဆရာတော်ကြွရောက်မယ့်ရက်က ဧပြီလ ၁၃ ၊ ၁၄ ရက်နေ့လို့ သတင်းထွက်ပေါ်နေပေမယ့် ရက်အတိအကျမသိရှိရသေးဘူးလို့ သူကဆိုပါတယ်။
“ အခုကပြီးတော့မှာအမိုးမိုးနေကြတာ၊အမိုးမိုးပြီးရင်ဖျာခင်းမလား၊ဘယ်လိုလုပ်မလဲဆိုတာရှိသေးတယ်လေနော့်၊ကွင်းကအပြည့်လူကတော့လာမှာနည်းတာလည်းမဟုတ်ဘူးဆိုတော့ကွင်းကတစ်ဧကခွဲမကဘူးထင်တယ်ကျယ်တာက ” လို့အဆိုပါကော်မတီအတွင်းရေးမှူဦးစိုင်းချစ်ငွေကပြောပြပါတယ်။
မိုင်းဖုန်းဆရာတော်က မိုးညှင်းမြို့ ထီးလင်းကျောင်းတိုက်မှာ (၂) ရက်တာ သီတင်းသုံးမှာဖြစ်ပြီး တရားပွဲလည်းကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
ကချင်ပြည်နယ်အတွင်းက မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနား ဝိုင်းမော်၊ ပူတာအိုမြို့နယ်တွေမှာ ကြွရောက် တရားဟောမယ့်ခရီးစဉ်လည်းဖြစ်ပါတယ်။
မိုင်းဖုန်းဆရာတော်ဟာ (၃) နှစ် ဂူအောင်းတရားကျင့်ပြီးနောက် ပြန်ထွက်လာကာ ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံတို့မှာ တရားဟောကြွရောက်ခဲ့သလို ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ( RCSS/SSA) ဌာနချုပ် လွိုင်တိုင်းလျန်းကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ ကြွရောက်ပြီး ငြိမ်းချမ်းရေးတရားဟောခဲ့တာလည်းဖြစ်ပါတယ်။