နိုဝင်ဘာ ၆ ၊ မိုးကောင်း
မိုးကောင်းမြို့၊ တောင်နီကျေးရွာအထွက်ရှိ ပြည်သူ့စစ်စခန်းတွင် နိုဝင်ဘာ(၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်မှာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ပြည်သူ့စစ်တပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဟုတ်တယ် ပြည်သူ့စစ်ထဲကတစ်ယောက်ဆုံးသွားတယ် ၊ အများကြီးတော့မရှိလောက်ဘူး ဘာလို့ဆို ဖြတ်တိုင်းဖြတ်တိုင်းက ဒီလူဒီလူတွေပဲတွေ့တာဆိုတော့ နှစ်ယောက်သုံးယောက်ပေါ့ လူငယ်တွေမဟုတ်ဘူး လူကြီးတွေ ငါးဆယ်ကျော်အရွယ်လောက်တွေ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူကလည်း အသက်(၅၀)ကျော်အရွယ်ရှိပြီဖြစ်တယ်လို့ ဒေသခံများက ဆိုကြပါတယ်။
အဆိုပါ ရုတ်တရက်တိုက်ခိုက်ခံရမှုပြီးနောက် ယခုရက်ပိုင်း မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ စစ်ကောင်စီတပ်များက စစ်ဆေးမှုတင်းကြပ်နေကြောင်း မိုးကောင်းမြို့ခံတစ်ဦးက ဆိုပါတယ်။
“ ဒီတိုင်းရင်းဆေးရုံနားမှာတော့ မြို့အဝင်အထွက်အေ့ဘက်နားမှာ တော်တော်လေး အစစ်အဆေးလုပ်နေတာ စစ်တပ်က” လို့ ၎င်းကဆိုပါတယ်။
ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရတဲ့ ပြည်သူ့စစ်စခန်းက တောင်နီကျေးရွာအထွက် ရထားလမ်းနှင့်ကားလမ်းဆုံသော နေရာတွင်ရှိနေတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။