နိုဝင်ဘာ ၂၈ ၊ မိုးကောင်း
မိုးကောင်းမြို့နယ် ၊ ပင်းဘောကျေးရွာ၊ ရပ်ကွက်(၉) အတွင်းရှိ အထက်တန်းကျောင်း(ပင်းဘော အ.ထ.က) နှစ်ထပ်ဆောင်ဟောင်းဟာ ဒီနေ့ နိုဝင်ဘာလ (၂၈)ရက်နေ့ မနက် (၄)နာရီဝန်းကျင်အချိန်မှာ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ အစ်ကိုတို့မှာ သုံးထပ်ကျောင်းဆောင်ဆောက်ထားပြီလေ အခုကကျောင်းဆောင်အဟောင်းပေါ့ ပျဉ်ဆောင်ပေါ့ ကွန်ပျူတာတွေဘာတွေထားတဲ့ဟာ ကွန်ပျူတာခန်းပေါ့ အေ့မှာရိူ့လိုက်တဲ့ခါကျတော့ လှေကားကတော့အကုန်လောင်သွားတယ် လူကနိုင်တော့ တစ်ဆောင်လုံးမလောင်သွားဘူး” ဟု ပင်းဘောကျေးရွာသား တစ်ဦးက ပြောပြပါတယ။
ယခုလိုမီးရှို့ခံရမှုကြောင့် စာသင်ကျောင်းဆောင်ဟောင်းရှိ လှေကား မီးလောင်ကျွမ်းသွားပြီး ကျောင်းသုံးပစ္စည်းများဆုံးရှုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီနေ့တစ်ရက်တည်းမှာပင် ပင်းဘောကျေးရွာ ပြည်ထောင်စုလမ်းမကြီး နှင့် သံလမ်းကြားရှိ စပါးသိုလှောင်တဲ့ စပါးဂိုဒေါင်တစ်ခုလည်း တစ်ပြိုင်တည်း မီးရှို့ခံခဲ့ရကာ အမြန်မီးငြိမ်းသတ်နိုင်ခဲ့မှုကြောင့် ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရပါတယ်။
မီးရှို့ဖျက်ဆီးမှုကို ပြုလုပ်သွားသူတွေကိုတော့ မသိရှိရသေးဘူးလို့ ကျေးရွာဒေသခံများက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း ပင်းဘောကျေးရွာအုပ်စု ၊ပဲခူးစုကျေးရွာမှာ ပေါ့ဆမီး လောင်ကျွမ်းခဲ့မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပြာကျသွားမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။