
ဧပြီ ၁၈ ၊ မိုးကောင်း
မိုးကောင်းမြို့နယ် တောင်နီကျေးရွာအနီးမှ ဌာနေပြည်သူစစ်တပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်က ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် (၁၇) တန်ကျော်တင်လာတဲ့ ကားတစ်စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC myanmar က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်အကျက်နေ့ ဧပြီလ ၁၅ ရက်နေ့မှာ မိုကောင်းမြို့နယ် တောင်နီကျေးရွာရှိ ပြည်သူ့စစ်ဂိတ်အနီးမှာ YANG FOND အမျိုးအစားယာဉ်ကို မောင်းနင်ပြီး အမိုနီယမ်နိုက်ထရိတ် တင်ဆောင်လာသူ (၄)ဦးကို ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။
ယာဉ်မောင်းနဲ့ ယာဉ်နောက်ပါလာသူ ၄ ဦးကို ပင်းဘောနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ် ကြားရှိ ကြာကြီးကွင်းကျေးရွာအနီးမှာ အမိုနီယမ်နိုက်ထရိတ် (၂၆)တန်ကျော်ကို ကနဦးဖမ်းဆီးရမိခဲ့ပြီး မတ်လ(၂၉)ရက်နေ့မှာတော့ အမိုနီယမ်နိုက်ထရိတ်(၃၆.၈၂)တန်ကို ထပ်မံစစ်ဆေးဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
တစ်လကျော်အတွင်း မိုးညှင်း-မိုးကောင်းလမ်းပိုင်းမှာပဲ အမိုနီယမ်နိုက်ထရိတ် တန်ချိန် ၈၀ ကျော်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ကား ငါးခြောက်စီးဟာ လိုင်စင်မဲ့ကားတွေဖြစ်ပြီး အမိုနီယမ်နိုက်ထရိတ်တွေကို ဘယ်ကနေ သယ်ဆောင်ခဲ့တယ်ဆိုတာ မသိရပေမယ့် ဖားကန့်မြို့ကို သယ်ဆောင်သွားမယ့် ယာဉ်တွေဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ထိန်းချုပ်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ အမိုနီယမ်နိုက်ထရိတ်တွေကို ခွင့်ပြုချက်များနဲ့သာ သယ်ယူခွင့်ပြုထားပြီး ယခုလို တရားမဝင်သယ်ဆောင်လာပါက ထောင်ဒဏ်(၁)နှစ်ကနေ (၃)နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။