ဇူလိုင် ၃၀ ၊ မိုးကောင်း
မိုးကောင်းမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်တချို့မှာ ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး ရေနစ်မြှုပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။
“ လက်ရှိအဓိက မြှုပ်နေတာကတော့ မြို့ဦးရပ်ကွက် အုပ်စု (၂)၊ အုပ်စု(၃)၊ အုပ်စု(၄)၊ အုပ်စု(၅)ပေါ့။ အဲ့ဒီ လေးအုပ်စုရယ် မဟာအုပ်စုရယ် အဓိက နစ်နေတာပေါ့။ လက်ရှိကတော့ ရေဝင်ရောက်မှုကတော့ လေးပေခန့်တော့ ရှိတယ်။ လက်ရှိအချိန်ထိတော့ အတက်ပဲ ရှိသေးတယ်။ အကျ လုံးဝ မရှိသေးဘူး။”ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသည့် ရင်ငြိမ်းပန်းပရဟိတကွန်ရက် ဦးဆောင်ဆရာတော်က မိန့်ကြားပါတယ်။
မိုးကောင်းမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြှုပ်တာဟာ မိုးကောင်းချောင်းရေကြောင့်မဟုတ်ဘဲ နန့်ရင်းချောင်းရေကြီးမှုကြောင့်ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ရေနစ်မြှုပ်နေတဲ့ ရပ်ကွက်နေဒေသခံတွေအတွက် နေ့လည်စာအတွက် ထမင်းနှင့် သောက်ရေသန့်တွေ လိုက်လံပေးဝေထားပြီလို့ ဆရာတော်၏ မိန့်ကြာချက်အရ သိရှိရပါတယ်။
“ အများဆုံးဆိုတော့ လက်ရှိသောက်ရေပိုင်းမှာတော့ အခက်အခဲ ဖြစ်တယ်။ သို့သော် ဒီ မြို့ပေါ်ဌာနဆိုင်ရာနဲ့ အလှူရှင်တွေနဲ့ ဦးဇင်းတို့ ဦးဆောင်ပြီးတော့ အဲ့ဒီသောက်ရေပိုင်းကတော့ အခက်အခဲ မရှိအောင် အနည်းဆုံးတော့ တစ်အိမ်ကို ရေသန့်ဘူးကြီး ၂၀ လီတာ တစ်ဘူးပေါ့ အခုလက်ရှိ လိုက်လှူပြီးတော့ ဝေငှပေးထားတယ်ဗျာ့။” ဆရာတော်က မိန့်ကြားပါတယ်။
နန့်ရင်းချောင်းရေဟာ ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက စတင်တက်လာပြီး ယခုလက်ရှိ ဆက်လက်တက်နေတုန်းလို့ သိရှိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က မိုကောင်းမြို့ပေါ်ရပ်ကွပ် ရေနစ်မြှုပ်မှု အကြီးအကျယ်ဖြစ်ခဲ့သေးတယ်လို့ သိရှိရပါတယ်။