ဩဂုတ် ၂၀ ၊ မိုးကောင်း
မိုးကောင်းမြို့ အထက (၂) ကျောင်းဝင်းအတွင်း ဩဂုတ်လ ၂၀ ရက်နေ့ မနက် (၈) နာရီအချိန်မှာ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းဝရံတာ နဲ့ အခန်းတံခါးတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။
“ ၈ နာရီ ၁ မိနစ်မှာ ၊ ဘာတွေဖြစ်သွားလဲဆိုတော့ အထက ၂ သူများတွေလှူထားတဲ့ကျောင်းဆောင်ကြီးလေ၊အပေါ်ထပ်က ဝရံတာတွေပဲ့ထွက်သွားတယ်။ အဲ့တာပြီးရင် ကျောင်းခန်းတစ်ခန်းလည်း တံခါးတွေပျက်စီးသွားတယ်” လို့ ကျောင်းသားမိဘတစ်ဦးကဆိုပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်မှာ ကျောင်းမှာ ကျောင်းသားတစ်ဦးသာရောက်ရှိနေသေးပြီး လူထိခိုက်မှုမရှိကြောင်း သိရပါတယ်။
ဒီမိုင်းပေါက်ကွဲမှုအပြီးမှာပဲ ကျောင်းသား/သူတွေ ကျောင်းမတက်တော့ပဲ ဆရာ/မတချို့သာ ကျောင်းတက်နေကြတယ်လို့ သိရပါတယ်။
“ ကွမ်းယာဆိုင်နားက အကြော်ဆိုင်မှာ အကြော်ဝယ်နေတာ ၊အသံက အုန်းကနဲ့ကြားလိုက်တဲ့အခါကျတော့၊ အသံကအရမ်းကျယ်တော့ အိုးတန်းကျောင်းလို့ထင်လိုက်တယ်။ အထက (၂)နဲ့ဆို တော်တော်လေးဝေးသေးတယ်။အဲ့တာကို အသံက တအားပြင်းတယ်လို့ပြောရမှာပေါ့နော်” လို့ ဒီပေါက်ကွဲမှုကို အဝေးက ကြားသူတစ်ဦးကဆိုပါတယ်။
မိုးကောင်းမြို့အထက(၁) ကျောင်းကို ဩဂုတ် ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းပိတ်ထားဖို့ သတိစာပေးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
အဲ့လိုသတင်းတွေကြောင့််လည်း ကျောင်းအသီးသီးက ကျောင်းသားမိဘတချို့က ကျောင်းသား/သူတွေကို ကျောင်းမပို့တော့ကြောင်းသိရပါတယ်။
လွန်ခဲ့တဲ့ ဩဂုတ်လဆန်းကလည်း မိုးကောင်းမြို့နယ် နမ္မတီးမြို့ အထကကျောင်းရှေ့မှာ မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။