ဧပြီ ၁၁ ၊ မိုးညှင်း
မိုးညှင်းမြို့ရှိ မိုးညှင်းခရိုင် ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှု ဥက္ကဌ၏ အနေအိမ်အတွင်း အမည်မသိလူတစ်စုက ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်မှာ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
“ သုံးလေးမိုင်လောက်ကြားတယ်။ အိမ်ထဲကိုပစ်ဝင်တာ။ အိမ်ဝင်းထဲကိုပေါ့လေ၊ အိမ်က တံခါးပိတ်ထားပြီဆိုတော့၊ လူကတော့ ဘာမှမဖြစ်သွားဘူး၊ အဓိက စာယဉ်ဥက္ကဌ လုပ်လို့ပေါ့လို့ “ လို့ ခရိုင်စာယဉ်နဲ့ နီးစပ်တဲ့ သူတစ်ဦးက ပြောပါတယ်။
မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း/ စိမ်းတောင်) ရပ်ကွက်ရှိ ၎င်းရဲ့ နေအိမ်မှာ လာရောက်ပစ်ပေါက်တဲ့ အဖွဲ့ကိုတော့ မသိရှိရသေးပဲ ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
နေအိမ်ကို လက်လုပ်မိုင်းနဲ့ ပစ်ပေါက်သွားပြီးနောက်ပိုင်းမှာ ည ၉ နာရီဝန်းကျင်အချိန်မှာ နေအိမ်တစ်ဝိိုက်ကို လူတစ်စုက ထပ်မံရောက်ရှိလာပြီး ဆဲရေးတိုင်းထွာမှုတွေပြုလုပ်သွားခဲ့တယ်လို့သိရပါတယ်။
“ အခြေအနေက စိုးရိမ်ရတာပေါ့၊ ငါတို့က သူတို့နဲ့ သိတာလည်းမဟုတ်ဘူးတာ “ လို့ ၎င်းရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
မိုးညှင်းခရိုင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌဟာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများကို နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သလို မိုးညှင်းမြို့အတွင်း လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှ စပြီး မိုးညှင်းခရိုင်အတွင်းမှာရှိတဲ့ ရှမ်းနီစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီ နာယကများ၊ စာယဉ်လူငယ်များ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ပေမယ့် တရားခံတွေကိုတော့ ဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။