မိုးညှင်းနှင့်ဖားကန့်ရတနာနယ်မြေတွေမှာကျောက်စိမ်းပြန်လည်တူးဖော်ရန်ခွင့်မပြုသေးဟုဆို

မိုးညှင်း နှင့် ဖားကန့် ရတနာနယ်မြေတွေမှာ ကျောက်စိမ်းပြန်လည်တူးဖော်ရန် ခွင့်မပြုသေးဟုဆို

ဒီဇင်ဘာ ၁၅ ၊ ဖားကန့် 

မိုးညှင်းမြို့နယ် ၊ ဖားကန့်မြို့နယ် နှင့် စစ်ကိုင်းတိုင်းက မော်လူးမြို့ ၊ ခန္တီးမြို့နယ် အစရှိတဲ့ ရတနာနယ်မြေတွေမှာ ကျောက်စိမ်းပြန်လည်တူးဖော်မှုတွေကို ပြန်လည်ခွင့်ပြုထားခြင်းမရှိကြောင်း စစ်ကောင်စီရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

  သတင်းမီဒီယာတွေ ကျောက်စိမ်းပြန်လည်တူးနေမှုတွေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းမှုကို စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးက  ဖြေကြားမှုမှာ   လက်ရှိအချိန်မှာ ကျောက်စိမ်းတူးဖော်ထုတ်လုပ်ဖို့ ခွင့်ပြုမိန့်ပေးထားတဲ့ လုပ်ကွက်တစ်ခုမှ မရှိဘူးဟု ဆိုပါတယ်။ 

  ဒါ့အပြင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်တဲ့နေရာမှာ ဖောက်ခွဲအသုံးပြုရတဲ့ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ စက်သုံးဆီ၊ ဒီဇယ်ဆီတွေကိုလည်း  တင်သွင်းသိုလှောင်ခွင့်ကိုလည်း ခွင့်ပြုဆောင်ရွက်ပေးထားခြင်းမရှိဘူးလို့ဆိုပါတယ်။ 

     ပြန်လည်တူးဖော်ခွင့်ပေးထားခြင်းမရှိပေမယ့် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများက အခုလအစပိုင်းကနေစတင်ပြီး လုပ်ငန်းများပြန်လည်လုပ်ကိုင်နေကြတယ်လို့ ဒေသခံများက ဆိုကြပါတယ်။ 

  ဖားကန့်ဒေသတွင်းလှုပ်ရှားနေတဲ့ စစ်ကောင်စီနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သဘောတူညီမှုများဖြင့် ခွင့်ပြုချက်ရယူပြီး တူးဖော်နေကြတာဖြစ်တယ်လို့ ဟု ဒီဇင်ဘာလအစပိုင်းမှာ ဖားကန့်ဒေသခံတစ်ဦး ရှမ်းနီအသံကိုပြောဆိုထားပါတယ်။ 

  “ တူးတာမှရက်ရက်စက်စက်  နိုင်ငံတော်ကခွင့်ပြုချက်တော့ဘယ်ရမလဲ ဒီလိုပဲလေ လက်နက်ကိုင်အဖွဲ့တွေနှစ်ဖက်လုံး ဒီလိုပဲပေါင်းပြီးမှ တူးစားကြတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

   ဖားကန့်၊ မော်လူး၊ မော်ဟန်၊ ခန္တီး စတဲ့ ရတနာနယ်မြေတွေမှာ ကျောက်စိမ်းတူးဖော်မှုတွေကို ၂၀၂၀ခုနှစ်ကနေ စတင်ရပ်နားခိုင်းထားတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *