ဇွန်၁၆၊မိုးညှင်း
မိုးညှင်းမြို့ နတ်ကြီးကုန်း ရှမ်းပိုင်းရပ်ကွက်မှာရှိတဲ့ ပညာလင်္ကာရဇောတိရှမ်းကျောင်းက ရေသိမ်က ဒီနေ့ ဇွန်လ ၁၆ ရက်နေ့မနက်မှာ နန့်ရင်းချောင်းရေကြီးတာကြောင့် ရေထဲမျှောပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ အခုနပါသွားတာဟုတ်တယ်။ရေများတာလေ။ ရေကကျွန်တော်တို့တံတားအောက်နားအထိကိုရောက်လာတာတယ်။အခုကတိုင်တွေအားလုံးကိုတောင်မြှုပ်ခါနီးပြီ။သိမ်ကျောင်းကကျွန်တော်တို့ကကျွန်းသားနဲ့ပဲဆောက်ထားတာ။နန့်ရင်းထဲဆောက်ထားတဲ့သိမ်ကျောင်းကပါသွားတာပေါ့” ဂေါပက ဦးအေးမောင်က ဆိုပါတယ်။
နန့်ရင်းချောင်းရေက လေးနှစ်တစ်ကြိမ်လောက် ရေကြီးနေတာကြောင့် ရေကြီးမှုဖြစ်တိုင်း သိမ်ကျောင်းက ရေထဲပါသွားတာဖြစ်တယ်လို့ သူကဆိုပါတယ်။
ရေထဲမျှောသွားတဲ့ သိမ်ကျောင်းကို ဒီကာလမှာ ပြန်ဆောက်မှာမဟုတ်ပဲ ဝါထွက်ကာလမှ ပြန်လည်တည်ဆောက်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဇောတိရှမ်းကျောင်းက မြန်မာတစ်နိုင်ငံလုံးမှာ တစ်ကျောင်းတည်းရှိတဲ့ ကျောင်းဖြစ်ပြီး မိုးညှင်းမြို့ကို ၁၉၅၄ ခုနှစ်တွင် စတင်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
ဇွန်လ ၁၆ ရက်နေ့မနက်ပိုင်း (၇) နာရီကစပြီး နန့်ရင်းချောင်း ရေကြီးလာပြီး ဇောတိရှမ်းကျောင်းသိမ်အပါအဝင် မြို့မစျေးအောက်ပိုင်း နဲ့ မိုးညှင်း အောင့်ကျိုင့်တွေမှာ ရေနစ်မြှုပ်နေတယ်လို့သိရပါတယ်။
ဒီနေ့နေ့လည်ပိုင်းထိ အုတ်ကျင်းရပ်ကွက်က နေအိမ်တွေမှာလည်း ရေနစ်မြှုပ်မှုတွေဖြစ်နေပြီး ဒီနှစ်က ရေကြီးတဲ့နှစ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
နန့်ရင်းချောင်းဖျားနဲ့ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။