မိုးညှင်းမြို့တွင် ဖမ်းဆီးခံရတဲ့ လူငယ်တချို့ကို KIA+PDF စခန်းတွင် ပြန်သွားရွေးထုတ်ခဲ့ရ 

ပြီ ၅ ၊ မိုးညှင်း 

မိုးညှင်းမြို့အတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မျက်နှာဖုံးစွပ်များနဲ့ လက်နက်ကိုင်များက လူငယ်များကို ဆက်တိုက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီး မိဘတွေက KIA+PDF စခန်းတွင် ပြန်သွားရောက်ရွေးယူခဲ့ရတယ်လို့ မိုးညှင်းမြို့မိမြို့ဖတွေက ပြောဆိုပါတယ်။ 

ဧပြီလအစမှာ မိုးညှင်းမြို့ရှိ ဘောလုံးကွင်း ၊ဘိလိယက်ခုံများတွင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လူငယ်တချို့ရဲ့မိဘတွေဟာ KIA+PDF တပ်စခန်းမှာ သွားရောက်တွေ့ဆုံညှိနှိုင်းမှုတွေကြောင့် ပြန််လွှတ်ခဲ့တယ်လို့ သိရပါတယ်။

“​ ပထမဆုံးအကြိမ်ဖမ်းဆီးခံရတာက နောင်စွန်းရပ်ကွက် ငွေပင်လယ်ဟော်တည်ဘေးက ဖူဆယ်အားကစားကွင်းထဲမှာ မျက်နှာဖုံးတွေစွပ်ပြီး သေနတ်တွေနဲ့ချိန်ပြီးမှ ဖမ်းသွားတယ်။ ဒုတိယအကြိမ်ဖမ်းတာကတော့ မိုးညှင်း ရွာသစ်ကုန်းရပ်ကွက်ထဲက ဘောစိလက်ဖက်ရည်ဆိုင်ဘေးက ကျူခုံမှာ ဒါလဲအဲ့အတိုင်းပဲ ၊ ဖမ်းသွားတဲ့မိဘတွေကတော့ သူတို့စုံစမ်းသိရှိရပြီ။ တချို့မိဘတွေလည်း ဖမ်းသွားတဲ့  KIA စခန်းကိုရောက်ခဲ့ပြီ။ လွတ်တော့မလွတ်သေးဘူး။ ဒုတိယအကြိမ်ဖမ်းသွားတဲ့ တစ်ယောက်မှမလွတ်သေးဘူး။ ပထမအကြိမ်ဖမ်းသွားတဲ့ ကလေးတွေကတော့ ပြန်ရောက်လာပြီဗျ” လို့ ထိုရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။ 

အမည်မဖော်လိုတဲ့ ဖမ်းဆီးခံရတဲ့မိသားစုဝင်တွေကလည်း ဖမ်းဆီးခံရမှုကြောင့် ပြန်လွှတ်လာမှုတွေကို အတည်ပြုထားပါတယ်။ 

မိုးညှင်းမြို့အတွင်းမှာ အခုရက်ပိုင်းအတွင်း မျက်နှာဖုံးစွပ်ထားတဲ့ လက်နက်ကိုင်တပ်တွေက ဝင်ရောက်ဖမ်းဆီးမှုခပ်စိပ်စိပ်ဖြစ်နေပြီး အစုအလိုက်အပြုံလိုက်ဖမ်းဆီးနေသလို တစ်ဦးချင်းစီ ဖမ်းဆီးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

အခုလိုဖမ်းဆီးမှုတွေကို စစ်ကောင်စီ ၊ ပြည်သူစစ်တပ်တွေ နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) က  ဖမ်းဆီးကြောင်း သတင်းမီဒီယာတွေမှာ ပြောဆိုမှုတွေရှိသော်လည်း SNA အနေနဲ့ ထိုလုပ်ရပ်ကို လုပ်ဆောင်ခြင်းမရှိကြောင်း ၎င်းတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောဆိုပါတယ်။ 

အခုမနေ့တစ်နေ့က မိုးညှင်းမှာ လူဖမ်းတာ ရှမ်းနီတပ်က မဟုတ်ဘူး။ ပြန်လွတ်လာတဲ့သူ ငါးဦးရှိပါတယ်သူတို့တွေကိုမေးကြည့်ရင်လည်းရပါတယ်။ ပြီးတော့ ကျွန်တော်တို့ ၅၆၅ တပ်မဟာဆိုပြီး မိုးညှင်း၊ မိုးကောင်း ဗန်းမော်အခြေပြု တပ်မဟာထပ်ဖွဲ့တယ်။ ရှမ်းနီလူမျိုးတွေအများဆုံးနေထိုင်တဲ့ဒေသဖြစ်လို့ ရှမ်းနီတွေသူ့တို့ဖာသာသူတို့ ဝင်လာတာ။ လူသစ်ဖမ်းစရာမလိုဘူးခင်ဗျာ့” လို့ ၎င်းက စာနဲ့ တုံ့ပြန်ပါတယ်။ 

မိုးညှင်းမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၅ ခုထပ်မနည်းရှိနေပြီး ပစ််ခတ်မှုတွေလည်း မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။ 

မိုးညှင်းမြို့လယ်မှာ  ဧပြီလ ၄ ရက်နေ့ကလည်း ကချင်ပြည်နယ်ကောင်စီအဖွဲ့ဝင်တွေရဲ့ခရီးစဉ် လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေကို KPDF တွေက လက်လုပ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *