မိုးညှင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဌ  သုံးရက်ကြာပျောက်ဆုံးနေ

အောက်တိုဘာ ၁၆ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဌလည်းဖြစ် နယ်ခံသတင်းထောက်ဖြစ်တဲ့ ဦးခင်မောင်ဦးဟာ အောက်တိုဘာလ ၁၄ ရက်နေ့ကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး ဒီနေ့အထိပြန်ရှာမတွေ့သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။ 

အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဦးခင်မောင်ဦးက သူ့နေအိမ်ကနေ လမ်းလျှောက်ထွက်သွားရာ နေအိမ်ကို ပြန်ရောက်လာခြင်းမရှိပဲ ပျောက်ဆုံးနေတာဖြစ်ကြောင်း သူ့မိသားစုတွေက သူလုပ်ကိုင်နေတဲ့ သတင်းဌာနဆီကို အကြောင်းကြားထားတယ်လို့သိရပါတယ်။

သူပျောက်ဆုံးသွားမှုအတွက် သက်ဆိုင်ရာတွေက စုံစမ်းရှာဖွေကူညီပေးဖို့အတွက်  သူလုပ်ကိုင်နေတဲ့ သတင်းဌာန ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN) သတင်းဌာနရဲ့ အယ်ဒီတာချုပ်က သူ့လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုထားပါတယ်။  

ဦးခင်မောင်ဦးက မိုးညှင်းမြို့မှာ ဆယ်စုနှစ်ခုကျော်ကြာ သတင်းထောက်အဖြစ် မှုခင်းသတင်းများ၊ ဒေသတွင်းလူမှုစီးပွားရေးသတင်းများ၊ မူးယစ်ဆေးဝါးသတင်းများကို ရေးသားခဲ့သူတစ်ဦးလည်းဖြစ်တယ်လို့ သူ့၏ လုပ်ဖော်ကိုင်ဖက်တွေဆီကနေသိရပါတယ်။ 

သူက ကြာပြီကော ငါတို့တောင်မှ သတင်းမရေးတတ်သေးတဲ့အခါကတည်းကရင်းသူတို့တွေလုပ်နေကြတာ၊ ၁၀စုနှစ်တစ်ခုတောင်မကတော့ဘူး။ သူ့အခုပျောက်သွားတာလည်း ဘာမှတော့မကြားမိသေးဘူး”​လို့ သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပြပါတယ်။ 

သူပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးသတ်ဖြတ်ခြင်းခံရကြောင်း သတင်းတွေထွက်ပေါ်နေပေမယ့် ရှမ်းနီအသံအနေနဲ့ တည်းခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

မိုးညှင်းမြို့နယ်အတွင်းက မြို့ခံအမျိုးသမီး သတင်းထောက်တစ်ဦးလည်း ဩဂုတ်လမှာ ခရီးသွားရင်း လမ်းပိုင်းမှာဖမ်းဆီးခံရပြီးနောက်ပြန်လွတ်လာတဲ့ ဖြစ်ပွားခဲ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မိုးညှင်းမြို့ မင်းရာဇာဓာတ်ပုံတိုက်ပိုင်ရှင်လည်းဖြစ် သတင်းထောက်တစ်ဦးလည်းဖြစ်ခဲ့သူ ဦးသန်းထွန်းအောင်(ခ) အားဖူကိုလည်း  ဒလန်စွပ်စွဲချက်နဲ့ မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ် KPDF က သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *