မိုးညှင်းမြို့နယ်မှာစက်သုံးဆီစျေးနှုန်းများရုတ်တရက်မြင့်တက်လာ

မိုးညှင်းမြို့ရှောင်လမ်းရှိ စက်သုံးဆီဆိုင်တစ်ခုကိုတွေ့ရစဉ် Photo_ShanNi Voice

နိုဝင်ဘာ ၁၄ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်အတွင်း စက်သုံဆီစျေးနှုန်းတွေဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တစ်လီတာ ကျပ်သုံးထောင်အထိ ရုတ်တရက်မြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ ဆီမရှိတာမဟုတ်ဘူးလေ။ ဆီရှိပြီးတော့ စျေးတင်ရောင်းချင်လို့ လုပ်စားကြတာ။ စျေးကစားချင်လို့။ အခုတစ်လီတာကို သုံးထောင်ရောက်သွားပြန်ပြီကော။ ပထမက တစ်လီတာကို နှစ်ထောင့်ငါးရာ နှစ်ထောင့်လေးရာကျော်ပဲရှိတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စက်သုံးဆီစျေးနှုန်းမြင့်တက်မှုနှင့်ပတ်သက်ပြီး အကြောင်းအရင်းမသိရပေမယ့် စက်သုံးဆီကားဝင်ရောက်မှုတွေဟာ ဆက်တိုက်ရှိနေပြီး ဒီနေ့မှ ဝင်ရောက်လာခြင်းမရှိသေးတာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ 

လက်ရှိမှာ မန္တလေး-ထီးချိုင့်-မြစ်ကြီးနား ပိုင်းပိတ်ထားပြီး ကုန်တင်ကားများက ရွှေဘို-မြစ်ကြီးနားလမ်းကိုသာ အသုံးပြုကြရတာဖြစ်ကာ လမ်းပိုင်းငွေကြေးပေးဆောင်ရတဲ့ အဖွဲ့အစည်းများခြင်းကြောင့် ဆီစျေးတက်လာခြင်းဖြစ်နိုင်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောဆိုပါတယ်။ 

“ ဆီစျေးမြှောက်တာကလည်း အနောက်လမ်းကနေလာရင်စျေးများတယ်လေ။ အနောက်လမ်းကလာရင် အဲ့ဒီရွှေဘိုလမ်းပေါ့။ ရွှေဘိုလမ်းကလာရင် သူက အခွန်များတယ်” လို့ ၎င်းကပြောပါတယ်။ 

မိုးညှင်းမြို့ပေါ်ရှိ စက်သုံးဆီဆိုင်တွေမှာလည်း ဒီနေ့ နေ့လည်ပိုင်းကစပြီး စက်သုံးဆီ 92 ၊ 95 တွေကို ရောင်းချပေးနိုင်ခြင်းမရှိတော့ပဲ ပိတ်ထားကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေကဆိုပါတယ်။ 

မိုးညှင်းမြို့နည်းတူ မိုးကောင်း၊ မြစ်ကြီးနားမြို့မှာလည်း စက်သုံးဆီများ ဝယ်ယူရခက်ခဲသည့် ပြဿနာများနှင့် ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *