မိုးညှင်းမြို့နယ်မှာတောင်သူ ထက်ဝက်ကျော်သာ  မိုးစပါး”စိုက်ပျိုးရေးချေးငွေ”ရမည် 

မိုးညှင်းခရိုင်အတွင်းက ကောက်စိုက်သမများကို တွေ့ရစဉ်/ ShanNi Voice

ဇူလိုင် ၁၄ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်အတွင်းက နှစ်စဉ်တောင်သူဦးရေ ခြောက်ထောင်ကျော်ဟာ မိုးစပါးစိုက်ပျိုးရေးချေးငွေတွေ ရရှိခဲ့ပေမယ့် အခုနှစ်မှာ လူဦးရေထက်ဝက်ကျော်သာ ရရှိတော့မှာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

မိုးညှင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရဲ့ စာရင်းတွေအရ  အခုနှစ်မှာ ကျေးရွာအုပ်စု  (၃၂)အုပ်စုမှ တောင်သူ (၃၆၀၀) ဦးကိုသာ စိုက်ပျိုးရေးချေးငွေတွေ ပေးအပ်သွားမယ်လို့ ဇူလိုင်လ ၁၀ ရက်နေ့ ရွာသစ်ကျေးရွာက စိုက်ပျိုးရေးချေးငွေပေးအပ်ပွဲမှ သိရပါတယ်။ 

တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းနှုန်းနဲ့ မိုးညှင်းမြို့နယ်ထဲက  မိုးစပါးစိုက်ပျိုးဧက (၂၆၇၀၀)ဧကအတွက် ချေးငွေစုစုပေါင်း ငွေကျပ်သိန်းပေါင်း လေးသောင်းကျော်ကို ထုတ်ချေး ပေးသွားမယ်လို့ဆိုပါတယ်။ 

မနှစ်က ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရေးချေးငွေကို မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၄၃)အုပ်စုမှ တောင်သူ  ခြောက်ထောင့်ငါးရာကျော်က စိုက်ပျိုးရေးချေးငွေတွေရရှိခဲ့ကြတာလို့ သိရပါတယ်။ 

အခုနှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် ထက်ဝက်ကျော်သာ စိုက်ပျိုးရေးချေးငွေတွေရရှိကြမှာပဲဖြစ်ပါတယ်။ 

“ ဒီနှစ်က စိုက်ပျိုးရေးချေးငွေက မရဘူး၊ မနှစ်က စိုက်ဘဏ်ချေးငွေတွေ ပြန်မဆပ်နိုင်ကြလို့၊​ပြီးတော့ တောင်သူတွေက တအားရှုံးတယ် အဲ့တာကြောင့် မဆပ်နိုင်ကြတာ၊ စိုက်လို့ထွက်လာတဲ့ ဟာနဲ့ လုံးချာလည်လိုက်ပဲဖြစ်နေတာ။ တချို့သွားဆပ်တဲ့သူတွေလည်း မရကြဘူး” လို့ အင်းတော်ကြီးဒေသက တောင်သူ တစ်ဦးကပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ မိုးညှင်းမြို့နယ်အတွင်းက တောင်သူတွေဟာ စိုက်ပျိုးချိန်မှာ စိုက်ပျိုးရေး ချေးငွေနောက်ကျမှု ၊ ဓာတ်မြေဩဇာစျေးနှုန်းမြင့်တက်မှုတွေနဲ့ ကြုံခဲ့ရတဲ့အပြင် ရိတ်သိမ်းချိန်မှာလည်း ရိတ်သိမ်းဖို့အခက်အခဲအပြင် စပါးစျေးနှုန်းတွေပါ ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *