
မိုးညှင်းမြို့နယ် ဟိုပင်မြို့ ကြာကြီးကွင်းကျေးရွာအနီးမှာ ထိန်းချုပ်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ အမိုနီယမ်နိုက်ရိတ် ၂၆ တန်ကျော်ကို မတ်လ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC myanmar အဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။
တရုတ်နိုင်ငံထုတ် Yang Fond ကားနှစ်စီးပေါ် တင်ဆောင်ထားတဲ့ အမိုနီယမ်နိုက်ထရိတ်ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းတွေဖြစ်တဲ့ ကိုသန်းစိုးအောင်(ခ)လပြည့်၊ ဖြိုးကျော်သူ ၊ ယာဉ်နောက်လိုက်တွေဖြစ်တဲ့ သက်နိုင်ဦး ၊ ဝင်းဟိန်းတို့ လေးဦးကို ဥပဒေအရ အရေးယူထားတယ်လို့ဆိုပါတယ်။
ဒီကားနှစ်စီးဟာ လိုင်စင်မဲ့ကားတွေဖြစ်ပြီး အမိုနီယမ်နိုက်ထရိတ်များကို ဘယ်ကနေ သယ်ဆောင်လာတာမသိရပေမယ့် ဖားကန့်မြို့ကို သယ်ဆောင်သွားမယ့် ယာဉ်တွေဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
အခုဖမ်းဆီးရမိတဲ့ အမိုနီယမ်နိုက်ထရိတ်တွေဟာ မိုးညှင်းမြို့နယ်အတွင်း သုံးနှစ်တာကာလမှ အများဆုံးသော ပမာဏလည်းဖြစ်ပါတယ်။
အမိုနီယမ်နိုက်ထရိတ်တွေကို ခွင့်ပြုချက်တွေနဲ့သာ သယ်ယူခွင့်ပြုထားပြီး ၂၀၁၈ ခုနှစ်က ပြဌာန်းထားတဲ့ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းဆိုင်ရာဥပဒေအရ ဒီလိုတရားမဝင်သယ်ဆောင်မယ်ဆို ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ အပြင် ကျပ်သိန်း ၃၀ ထက်မပိုတဲ့ ငွေဒဏ်ကိုလည်း ချမှတ်နိုင်တယ်လို့ဆိုထားပါတယ်။
ယခင်ကာလတွေက ဒီအမိုနီယမ်နိုက်ထရိတ်သယ်ယူမှုတွေကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အရေးယူတာလည်းဖြစ်ပါတယ်။