မိုးညှင်းမြို့နယ်မှာ တစ်နှစ်အတွင်း စိတ်ကြွဆေးပြား နှစ်သိန်းကျော်ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဖမ်းဆီးရမိမှုထဲ ဒုတိယအများဆုံးဖြစ် 

ဇန်နဝါရီ ၂ ၊ မိုးညှင်း 

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်ထဲမှာ ၂၀၂၅ ခုနှစ်တစ်နှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားပေါင်း နှစ်သိန်းတစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကာ တန်ဖိုးအားဖြင့် ကျပ်ငွေသိန်း(၃)ထောင်ကျော်ဖိုးရှိနေတာလည်း ဖြစ်ပါတယ်။

မိုးညှင်းမြို့နယ်အဝင်ဖြစ်တဲ့ နန့်စီးအောင်စစ်ဆေးရေးဂိတ်ကနေ မူးယစ်ဆေးများအဓိကဖမ်းဆီးရမိတာဖြစ်ပြီး ဒီဖမ်းဆီးရမိမှုတွေထဲ တစ်နှစ်တာအတွင်းမှာ ဘိန်းဖြူအများဆုံးပါဝင်ကာ ကျပ်သိန်း(၅)ထောင်နီးပါး တွေ့ရှိခဲ့တာကို မူးယစ်ဆေးတားဆီးနှိမ်နှင်းရေးအဖွဲ့( CCDAC Myanmar) ရဲ့လစဉ်ထုတ်ပြန်မှုတွေအရ သိရပါတယ်။

ရှမ်းနီအသံရဲ့ စာရင်းပြုစုထားမှုတွေအရ  စိတ်ကြွရူးသွပ်ဆေးပြားက ဒုတိယအများဆုံးဖမ်းဆီးတွေ့ရှိခဲ့ပြီး ပျော်ရွှင်ဆေးရည်ဖြစ်တဲ့ (Happy Water) ကိုတော့ ကျပ်သိန်း(၁၄၀၀)ကျော်ဖိုးဖြင့် တတိယအများဆုံး ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

ဘိန်းဖြူစုစုပေါင်း ကျပ်သိန်း(၄၈၀၅. ၃၅)ဖိုး ကီလို(၁၉. ၁၆၂)၊ စုစုပေါင်းစိတ်ကြွဆေးပြား ကျပ်သိန်း(၃၂၂၁.၂၅)  ဆေးပြားရေ(၂၁၃၅၅၀)၊ Happy water စုစုပေါင်း ကျပ်သိန်း(၁၄၈၈)ဖိုး ကီလို (၁.၂၄) ၊ ဘိန်းစိမ်းစုစုပေါင်း ကျပ်သိန်း(၁၃၁၆)ကျော်  ကီလို(၁၀၉.၇)နဲ့  ဘိန်းဆီခဲစုစုပေါင်း  ကျပ်သိန်း(၆၂၃) ကီလို(၅၈.၅) တို့ကို တွေ့ရှိဖမ်းမိခဲ့တာလည်း သိရပါတယ်။

ပြီးခဲ့တဲ့( ၂၀၂၄)ခုနှစ်မှာ ဘိန်းဖြူ၊စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်းစိမ်းစတဲ့ မူးယစ်ဆေးဝါးအမျိုးအမည် (၃)မျိုးကိုသာ တွေ့ရှိခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ယခင်နှစ်တွေမှာ  တွေ့ရှိလေ့မရှိတဲ့ Happy water နဲ့ ဘိန်းဆီခဲတို့ကိုပါ အမျိုးအမည်ထပ်တိုးတွေ့ရှိလာတာလည်း ဖြစ်ပါတယ်။

ဒီအရေအတွက်တွေဟာ  မြို့နယ်အတွင်းမှာ ပထမ(၆)လက အများဆုံးတွေ့ရှိခဲ့တာကိုတွေ့ရပြီး ဒုတိယခြောက်လမှာတော့ စိတ်ကြွရူးသွပ်ဆေး၊ဘိန်းစိမ်း၊ဘိန်းဆီခဲ စတဲ့မူးယစ်ဆေးသုံးမျိုးကိုသာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးစာရင်းထဲပါဝင်တဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ် ဟက်တာ ၄၇၀၀ ကျော်စိုက်ပျိုးမှုတွေရှိနေတာဖြစ်ပါတယ်။

UNODC ရဲ့ ၂၀၂၅ အစီရင်ခံစာအရ ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်း သယ်ယူတဲ့ လမ်းကြောင်းတွေဟာ ကချင်ပြည်နယ်ကတစ်ဆင့် အိန္ဒိယနယ်စပ်ဘက်သို့ သိသိသာသာ ပြောင်းလဲစီးဆင်းလာတယ်လို့ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *