မိုးညှင်းမြို့နယ်အတွင်းမီတာခမဆောင်သူများကိုမီးဖြတ်မည်လို့ဆို

မော်ဟန်ကျေးရွာအတွင်း လျှပ်စစ်ဓာတ်အားတပ်ဆင်မှုပြုလုပ်နေစဉ်

အောက်တိုဘာ ၂၅ ၊ မိုးညှင်း 

  မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီးဒေသအတွင်း  လျှပ်စစ်မီတာခမပေးဆောင်တဲ့သူတွေရဲ့ အိမ််တွေကို အောက်တိုဘာလကုန်မှာ မီးဖြတ်တောက်သွားမယ်လို့ မိုးညှင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက အသိပေးထားပါတယ်။ 

မိုးညှင်းမြို့ပေါ်ရပ်ကွက်တွေကို အောက်တိုဘာလ ၂၃ ရက်နေ့ညက ကားနဲ့လှည့်လည်ပြောဆိုမှုမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေစ အနည်းဆုံး သုံးလအတွက် မီတာခများကို ပေးဆောင်ရမည်ဖြစ်ပြီး မပေးဆောင်ရင် မီးဖြတ်တောက်သွားမယ်လို့ ဆိုပါတယ်။ 

မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့(လုံးတုံ) မှာတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ ကြွေးကျန်မီတာခတွေအားလုံးကို ပေးဆောင်ရဖြစ်ပြီး ပျက်ကွက်လျှင် လျှပ်စစ်ဥပဒေအရ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုနဲ့ လျှပ်စစ်မီတာဖြုတ်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သတိပေးထားပါတယ်။ 

အင်းတော်ကြီးဒေသရှိ   ကျေးရွာများကို  ၂၀၂၂ ခုနှစ် နှစ်စမှာ  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက  မီတာမဆောင်တဲ့ ကျေးရွာတွေကို လျှပ်စစ်မီးဖြတ်တောက်မှုတွေပြုလုပ်ခဲ့ပြီး တချို့ကျေးရွာတွေမှာ တစ်ပတ်ကျော်ကြာအထိ ဖြတ်တောက်ခံခဲ့ရပါတယ်။ 

မိုးညှင်းမြို့နယ်အတွင်းရှိ  သုံးစွဲသူတွေက လျှပ်စစ်ဌာနတွက်ချက်ပေးမှုမှာ သုံးစွဲမီတာယူနစ်ထက် ပိုများပြားနေတာ၊ လျှပ်စစ်ဓာတ်အားခ ပိုကောက်တာတွေနဲ့  ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ 

မိုးညှင်းမြို့ပေါ်ရပ်ကွက်အားလုံး  လျှပ်စစ်ဓာတ်အားကို သုံးစွဲနေကြပြီး ကျေးလက်ရဲ့ ၈၀ ရာခိုင်နှုန်းမှာလည်း လျှပ်စစ်ဓာတ်အားတွေရရှိနေပြီလို့  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *