ဒီဇင်ဘာ ၃၀ ၊ မိုးညှင်း
မိုးညှင်းမြို့နယ်အတွင်းမှာ အုပ်စုဖွဲ့ပြီး ခိုးဆိုးလုယက်မှု သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေကြားမှာ စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် ရှမ်းတံတားမှာ ဒေသခံတစ်ဦးရဲ့ ဆိုင်ကယ် နဲ့ ဖုန်းကို လူနှစ်ဦးက ဓားထောက်ပြီးလုယက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်နဲ့ အနီးကပ်ရှိသူက ပြောပြပါတယ်။
မိုးညှင်းမြို့မှာ လူငယ်အရွယ်တွေက လုယက်မှုတွေကို အုပ်စုဖွဲ့လုပ်ဆောင်တာဖြစ်ပြီး အများစုဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်တယ်လို့ လုယက်ခံရသူတချို့ရဲ့ ပြောဆိုမှုအရ သိရပါတယ်။
“အန်တီဆို ကလေးကျောင်းကြို စျေးဝယ်ဆိုအရင်က ကျားဖြူကန်လမ်းကနေ သွားနေကြ အခုဆို ဖိုးသမားတွေက ဓားတွေကိုင်ကိုင်ပြီး ထိုးနေကြတာဆိုတော့ မသွားတော့ဘူးကြောက်တယ်လေ ရေမော်တာ၊ဆိုင်ကယ်၊မီးကြိုး၊မီးသီး အကုန်ခိုးတာ လစ်ရင်လစ်သလိုပါ့ “ မိုးဒါးစုရပ်ကွက်နေသူတစ်ဦးက လုံခြံရေးအရ စိုးရိမ်နေကြောင်းပြောပါတယ်။
ခိုးဆိုးလုယှက်မှုတွေအပြင် ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးရောင်းချမှုသုံးစွဲမှု များပြားလာသော်လည်း ဖမ်းဆီးအရေးယူတာမျိူးမရှိကြောင်းသိရပါတယ်။
ထို့အတူအထက(၂)ကျောင်းအနီးမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ၆:၃၀ခန့်အချိန်က အမျိုးသမီးတစ်ဦး ပိုက်ဆံအိပ်လုခံရမှုတစ်ခုနဲ့ မိုးညှင်း ဘီလူးမြို့လမ်းမှာ စက်ဘီးစီးနေသူတစ်ဦးရဲ့ ဖုန်းကို လုယူထွက်ပြေးမှုတစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။
ဒီလိုအုပ်စုဖွဲ့ လုယက်သူတွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေက ဖမ်းဆီးရမိခြင်းတစ်ကြိမ်မျှ မရှိသေးဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။
မိုးညှင်းမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေဟာ ဆိုးဆိုးရွားရွားဖြစ်နေပြီး ရောင်းဝယ်သူသုံးစွဲသူတွေကို ဖမ်းဆီးမှု အပါအဝင် ပညာပေးမှုတွေလည်း အားနည်းတယ်လို့ မိုးညှင်းမြို့ရပ်မိရပ်ဖတစ်ဦးက ပြောဆိုပါတယ်။