မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်တွင် သုံးရက်အတွင်း ကျပ်သိန်း၂၇၅၀တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ 

ဇွန် ၅ ၊ မိုးညှင်း 

စစ်ကိုင်းနှင့် ကချင် နယ်စပ် မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သုံးရက်အတွင်းမှာ  ငွေကျပ်သိန်း၂၇၅၀ တန်ဖိုးရှိ ဘိန်းဖြူများ  ဖမ်းဆီးတွေ့ရှိခဲ့တာကို မူးယစ်ဆေးဝါးတားဆီးနိမ်နင်းရေး အထူးရဲတပ်ဖွဲ့ CCDAC Myanmar ရဲ့ ထုတ်ပြန်ထားမှု မှတ်တမ်းတွေအရ သိရပါတယ်။

    ကျပ်သိန်း ၁၁၀၀ တန်ဖိုးရှိ ဘိန်းဖြူများကိုတော့ ဇွန်လ၂ရက်နေ့ ညနေ၃နာရီအချိန်တွင် ဖမ်းဆီးတွေ့ရှိခဲ့တယ်လို့ CCDAC Myanmar က ဇွန်လ၄ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

  ဘိန်းဖြူအလေးချိန် ၄.၄ကီလို ကာလပေါက်စျေးတန်ဖိုး သိန်းတစ်ထောင့်တစ်ရာကို ဆာလာအိတ်အတွင်းတွင် ဆပ်ပြာခွက်များဖြင့်ထည့်ထားသည်ကို တွေ့ရှိခဲ့တာဖြစ်ပြီး မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင် မော်တော်ယာဉ်ပေါ်ပါရှိလာသော ခရီးသည်တစ်ဦးထံမှ တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

  အဆိုပါခရီးသည်က မစုစုထွေး(ခ)မစု အမည်ရှိ အသက်၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကာ စစ်ကောင်စီ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့က စစ်ဆေးရမိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 ကျပ်သိန်း ၁၆၅၀ တန်ဖိုးရှိ ဘိန်းဖြူများကိုတော့ မေလကုန် ၃၁ရက်နေ့မှာ မော်တော်ယာဉ်ကို ကိုယ်တိုင်စီးနှင်းမောင်းနှင်လာသူ သိန်းသန်းဝင်းအမည်ရှိ အသက်၃၃ နှစ်အရွယ်အမျိုးသားဆီကနေ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

 ၎င်းတို့ကို မိုးညှင်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူသွားမည်ဖြစ်သည်ဟု   ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *