
ကောလဟာလသတင်းများကြောင့် မိုးညှင်းမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းအပါဝင် အစိုးရကျောင်းတွေက မူလတန်းအဆင့်များကို ဒီနေ့ကစပြီး ယာယီ ပိတ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
“တစ်ချို့ကိုယ်ပိုင်ကျောင်းတွေက အငယ်တန်း KG ကနေ ၄ တန်းအထိကို မလာခိုင်းတော့ဘူး။ အကြီးတန်းတွေကိုပဲ လာခိုင်းတော့တယ်။”လို့ မိုညှင်းမြို့ပေါ်က ကျောင်းသားမိဘ တစ်ဦးက ပြောပြခဲ့ပါတယ်။
အစိုးရအခြေခံပညာကျောင်းတွေအနေနဲ့တော့ စာသင်ကျောင်းတွေကို တရားဝင်ပိတ်ဖို့ ညွှန်ကြားတာမရှိသေးပါဘူးလို့ သိရပါတယ်။
အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသား/သူတွေကိုတော့ တချို့ကျောင်းသားမိဘတွေက လုံခြုံရေး စိတ်မချတဲ့အတွက် ကျောင်းမပို့ကြတာတွေလည်း ရှိနေပါတယ်။
“ကျောင်းကဆရာမတွေက ကလေးတွေကို စိတ်မချရင်လည်း မပို့ခဲ့နဲ့ပေါ့။ သူတို့ကိုယ်တိုင်တောင်မှ မသက်သာလို့သာ လာနေရတာပေါ့။ သူတို့လည်း ကြောက်ကြတယ်။” လို့ နောက်ထပ်ကျောင်းသားမိဘတစ်ဦးက ရှင်းပြခဲ့ပါတယ်။
မိုးညှင်းမြို့ပေါ်က ပြည်သူလူထုတွေကို နိုဝင်ဘာလ ၁၅ ရက်နှင့် ၂၅ ရက်ကြား သတိထား နေထိုင်ကြဖို့ ပြောဆိုမှုတွေ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။
သို့သော်လည်း အဆိုပါ ပြောဆိုမှုတွေကို မည်သည့်အဖွဲ့အစည်းက စတင်ပြောဆိုလာသည်ကိုတော့ တိတိကျကျ ပြောပြနိုင်ကြခြင်းတော့ မရှိကြပါဘူး။
လက်ရှိအချိန်မှာ မိုးညှင်းမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းက စစ်ဘေးသင့်နေတဲ့ မြို့နယ်တွေက ပြည်သူလူထုတော်တော်များများက စစ်ဘေးရှောင်တိမ်းရာ မြို့နယ်တစ်လည်း ဖြစ်နေပါတယ်။