ဇွန် ၂၂ ၊ မိုးညှင်း
မိုးညှင်းမြို့မှာ ဇွန်လ ၂၁ ရက်နေ့ တစ်ရက်အတွင်း မိုင်း ဖောက်ခွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းနီအသံက စုံစမ်းသိရှိရပါတယ်။
အဆိုပါ မိုင်းဖောက်ခွဲမှုက ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
ပထမအကြိမ် မိုင်းဖောက်ခွဲမှုက မိုးညှင်းမြို့ အရှေ့စု (၂) လမ်းရှိ ငွေလမင်းဆန်စက်ကို စတင်ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက အခုလို ပြောပြလာပါတယ်။
“ ဆန်စက်မှာ ထောင်သွားတဲ့ဟာက ကလေး နှစ်ယောက်ပေါ့နော မိုင်းပစ်သွားတယ်ပေါ့ ၃ နာရီဝန်းကျင်ပေါ့။ ၃ နာရီဝန်းကျင် ပစ်သွားပြီးမှ အဲ့ဒါ ထွက်ပြေးသွားတယ်ပေါ့။”
ငွေလမင်းဆန်စက်ကို မိုင်းဖောက်ခွဲပြီးတဲ့နောက်မှာတော့ နောက်တစ်ဖွဲ့က ရဲစခန်းနဲ့အနီးရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီး မိုင်းဖောက်ခွဲခဲ့တာပဲ ဖြစ်ပါတယ်။
“အဲ့ဒါပြီးရင်း အဲ့ဒီဖြစ်စဥ်နဲ့အတူ ဟိုးဘက် အမှတ် (၁) ကျောင်းထဲကိုလည်း ထည့်သွားတယ်ကွာနော။ အဲ့ဒါက တစ်ဖွဲ့ပေါ့။ သူတို့အားလုံး ပေါင်းပြီးမှ လုပ်ကြတာပေါ့ တစ်ချိန်တည်းမှာ။ ရဲစခန်းနဲ့ ထ (၁) ကျောင်းနဲ့ နီးနီးကလေ။ အဲ့ဒီရဲစခန်းကို မထည့်ဘဲနဲ့ အဲ့ဒီကျောင်းထဲကို ထည့်သွားတာ။”
အထက -၁ အနီးမှာရှိတဲ့ ထွေအုပ်ရုံး၊ မြို့မရဲစခန်း နဲ့ ဦးမျိုး( ရွှေမောင်း)ပိုင်တဲ့ ငွေလမင်းဆန်စက်နေအိမ်ကို မိုးညှင်းအခြေစိုက် KPDF နဲ့ KIA ပူးပေါင်းအဖွဲ့က ဖောက်ခွဲမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၂ ရက်နေ့ ညနေမှာ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီနဲ့ ဆက်စပ်တဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားဖူးတဲ့ နေရာတဝိုက်ကို ရှောင်ရှားသွားလာကြဖို့အတွက်ကိုလည်း မိုးညှင်း KPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။