အောက်တိုဘာ ၂၉ ၊ မိုးညှင်း
မိုးညှင်းမြို့ပေါ် ရပ်ကွက်တွေမှာ မီတာခပေးဆောင်ချင်းမရှိသေးတဲ့ နေအိမ်တွေကို ဒီနေ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ လျှပ်စစ်မီးစတင်ဖြတ်တောက်မှုပြုလုပ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ စစ်တပ်နဲ့ ရဲတွေက အောင်သပြေဘောလုံးကွင်းဘက်ကနေ မီတာခံမဆောင်တဲ့အိမ်တွေကို ဖြတ်နေပြီ ဒီနေ့က အောင်သပြေရယ် ၊ အစုရှေ့ရယ်ပတ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးဖျက်တောက်ခံရတဲ့နေအိမ်အရေအတွက်ကိုတော့ များတယ်လို့ပြောဆိုပေမယ့် အတိအကျတော့မသိရှိရသေးပါဘူး။
လျှပ်စစ်မီတာခမပေးဆောင်တဲ့သူတွေရဲ့ အိမ််တွေကို အောက်တိုဘာလကုန်မှာ မီးဖြတ်တောက်သွားမယ်လို့ မိုးညှင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက အောက်တိုဘာ ၂၃ ရက်နေ့က အသိပေးထားတာလည်းဖြစ်ပါတယ်။
မိုးညှင်းမြို့နယ်အတွင်းရှိ သုံးစွဲသူတွေက လျှပ်စစ်ဌာနတွက်ချက်ပေးမှုမှာ သုံးစွဲမီတာယူနစ်ထက် ပိုများပြားနေတာ၊ လျှပ်စစ်ဓာတ်အားခ ပိုကောက်တာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
မိုးညှင်းမြို့ပေါ်ရပ်ကွက်အားလုံး လျှပ်စစ်ဓာတ်အားကို သုံးစွဲနေကြပြီး ကျေးလက်ရဲ့ ၈၀ ရာခိုင်နှုန်းမှာလည်း လျှပ်စစ်ဓာတ်အားတွေရရှိနေပြီလို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။