
ဧပြီ ၁၀ ၊ မိုးညှင်း
ကချင်ပြည်နယ်၊မိုးညှင်းမြို့တွင် လူငယ်များနဲ့ လူလတ်ပိုင်းအမျိုးသားတွေကို နေ့တိုင်းလိုလို လက်နက်ကိုင်တပ်ဖွဲ့များက စုဆောင်းရေးဖမ်းဆီးခေါ်ဆောင်မှုတွေ ပြုလုပ််နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
အခုလိုဖမ်းဆီးမှုတွေဟာ အခုလပိုင်းတွေမှာပိုမိုခပ်စိတ်စိတ်ဖြစ်ပွားနေကြောင်း မိုးညှင်းမြို့ခံတစ်ဦးက အခုလိုပြောပြပါတယ်
“ ဖမ်းတာတွေက ရက်တိုင်းလိုပဲ တစ်ရက်ကို ၁ယောက်ပျောက် ၂ ယောက်ပျောက် အမြဲလိုလိုဖြစ်နေတာ ဘယ်သူမှဟိုဟိုဒီဒီမသွားရဲနေဘူး’ဟုဆိုပါတယ်။
မကြာသေးမီ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း မြို့တွင်းကဖူဆယ်ဘောလုံးကွင်းအတွင်း ဘောလုံးကစားနေကြတဲ့ အထက်တန်းဖြေဆိုထားသော ဆယ်ကျော်သက်လူငယ်(၁၅)ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့များဖမ်းဆီးခဲ့ပါသေးတယ်။
အဆိုပါလူငယ်များကို မြို့မိမြို့ဖများရဲ့ ညှိနှိုင်းတောင်းပန်မှုကြောင့်ပြန်လည်လွှတ်ပေးခဲ့တယ်လို့လည်းသိရသလို ရက်ပိုင်းအကြာမှာပင် ရွာသစ်ကုန်းရပ်ကွက်ရှိ ဘိလိယက်(ကျူခုံ) အတွင်းမှာ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကာ ၎င်းကိုတော့ပြန်လည်လွှတ်ပေးလာခြင်းမရှိသေးကြောင်း သိရပါတယ်။
“ မိုးညှင်းက နယ်ခံဒေသခံတွေနည်းနေပြီး တစ်ခြားဒေသကနေ လာနေထိုင်ခိုလှုံထားတာတွေများနေတော့ ဘယ်သူပျောက်လို့ပျောက်မှန်းလည်းမသိကြတော့ဘူး ဖမ်းသွားတယ်ပဲကြားရတာ ဘယ်သူဖမ်းခံရလို့ခံရမှန်းလည်းမသိဘူး အဲ့လိုတွေပဲဖြစ်နေပြီ’ လို့ ဖမ်းဆီးမှုတွေ များပြားနေတဲ့အကြောင်းကို သူကပြောပြပါတယ်။
မိုးညှင်းမြို့တွင်းနဲ့မြို့အနီးတစ်ဝိုက်တွေမှာ စစ်ကောင်စီ၊ပြည်သူ့စစ်၊ တော်လှန်ရေးတပ်ဖွဲ့တို့အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ (၅)ဖွဲ့ထက်မနည်းရှိနေပြီး တပ်ဖွဲ့အားလုံးလိုလို စုဆောင်းရေးနဲ့ပေါ်တာဆွဲခြင်းများ ပြုလုပ်ခေါ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။