မိုးညှင်းမြို့ရှိဓာတ်ပုံတိုက်ပိုင်ရှင်တစ်ဦးဒလန်ဟုစွပ်စွဲချက်ဖြင့်လုပ်ကြံပစ်သတ်ခံရ

စက်တင်ဘာ ၅ ၊ မိုးညှင်း 

မိုးညှင်းမြို့ ရွှေသာလျောင်းဘုရားရှေ့ အရှေ့စု(၁) လမ်းရှိ  မင်းရာဇာဓာတ်ပုံဆိုင်ရှင်ဖြစ်သူဟာ ဒလန်ဟုစွပ်စွဲချက်ဖြင့် စက်တင်ဘာလ(၄)ရက်နေ့  ညနေ(၄)နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခြင်းခံခဲ့ရတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

Mask နှာခေါင်းစည်းတပ်ဆင်ထားတဲ့ လူငယ်နှစ်ဦးက မော်တော်ဆိုင်ကယ်စီးနှင်းပြီးပစ်ခတ်သွားရာ ဝမ်းဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ဦးခေါင်းတွင် ထိမှန်ဒဏ်ရာ (၂)ချက်  စုစုပေါင်း သေနတ်ဒဏ်ရာ(၃)ချက်ဖြင့် ပွဲချင်းပြီးသေဆုံးသွားသည်ဟု တွေ့မြင်ခဲ့သူများရဲ့ ပြောဆိုမှုအရ သိရပါတယ်။

  “ သူ့မိန်းမနဲ့ ခြံကနေ ဆိုင်ကယ်နဲ့ပြန်လာတာ အမှတ် (၁)ကျောင်းအနီးမှာ ပစ်သတ်ခံရတာ လေးချက်ပစ်တာ သုံးချက်ထိတယ် နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်” ဟု မြို့ပေါ်နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရသူဟာ မင်းရာဇာဓာတ်ပုံတိုက်ပိုင်ရှင် ဦးသန်းထွန်းအောင်(ခ) အားဖူ ဖြစ်ပြီး အရပ်သားအစိုးရလက်ထက်မှာ ကချင်ပြည်နယ်အတွင်းရှိ သတင်းမီဒီယာတိုက်များတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် မိုးညှင်းမြို့တွင် သတင်းမီဒီယာသင်တန်းကျောင်းတစ်ခုကို ၂၀၂၀ ခုနှစ်မှာ တည်ဆောက်ထားသူလည်းဖြစ်ပါတယ်။ 

  မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ် K-PDF တပ်ရင်းက  ဦးသန်းထွန်းအောင်ဟာ  စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဖြစ်တာကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ စက်တင်ဘာလ (၄) ရက်နေ့ညမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

ယခုနှစ် ပြီးခဲ့တဲ့  မတ်လ၂၆ရက်နေ့မှာလည်း မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က   စစ်ဘက်ရေးရာလုံခြုံရေး (စရဖ)တပ်ဖွဲ့ဝင် တစ်ဦးကို ညောင်ကုန်းကျေးရွာအနီးတွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *