
ဖေဖော်ဝါရီ ၅ ၊ မိုးညှင်း
မိုးညှင်းမြို့ မြို့ရှောင်လမ်းမှာ စစ်ကောင်စီ ရဲ ၊ ပြည်သူ့စစ်တပ်ဖွဲ့ နဲ့ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့ညနေပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
“ ညနေ ၆ နာရီလောက်ကို ပစ်ခတ်မှုဖြစ်တယ်လို့ပြောတယ်၊ ဟုတ်တယ် နည်းနည်းမေးကြည့်တော့ သေတာလည်း ပြည်သူ့စစ်ကပဲ ၊ နာတာလည်း ပြည်သူ့စစ်တွေပဲ၊ နောက်ပစ်တယ်ဆိုတာကလည်း ဘယ်သူပစ်တယ်ဆိုတာ သေသေချာချာမသိရသေးဘူးညယ်” လို့ မိုးညှင်းမြို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်မှာ မြို့ရှောင်လမ်း ကျုံးတောင်အနီးမှာ ရဲနဲ့ ပြည်သူစစ်တွေ လိုက်ပါသွားတဲ့ ကားတစ်စီးဟာ အသင့်စောင့်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဆီးကြိုပစ်ခတ်လိုက်တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ ပြည်သူ့စစ် ၂ ဦးအထိရှိပြီး ၂ ဦးဒဏ်ရာရရှိခဲ့သလို တချို့ကိုလည်း လာရောက်ပစ်ခတ်တဲ့အဖွဲ့တွေ ဖမ်းဆီးသွားတာတွေလည်းရှိတယ်လို့ ကျုံးတောင်အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ မိုးညှင်းမြို့ရှောင်လမ်း ကျုံးတောင် နဲ့ လောက်စာတောင် ကြားမှာ စစ်အင်အားအပြည့်နဲ့ စစ်ဆေးရေးတွေပြုလုပ်နေတယ်လို့သိရပါတယ်။
မိုးညှင်းမြို့ရှောင််လမ်းအနီးရှိ ထန်းတပင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာလည်း ရဲနှင့်အတူ လိုက်ပါသွားတဲ့ လူငယ်တချို့ဟာ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ရဲအပါအဝင် ၆ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။