မိုးညှင်းမြို့လည်ခေါင်ရှိ  ဓမ္မာဓိရွှေဆိုင်ဓားပြတိုက်ခံရပြီးရွှေငါးဆယ်သားခန့်ပါသွား 

ဇွန် ၂၈ ၊ မိုးညှင်း 

မိုးညှင်းမြို့ မြို့လည်ခေါင် နားခါမြောက် ဓမ္မာရုံလမ်း ပန်းခြံရှေ့ရှိ ဓမ္မာဓိရွှေဆိုင်ကို ဇွန်လ ၂၈ ရက်နေ့  နေ့လည်ပိုင်းမှာ  ဓားပြတိုက်ခံရပြီး ရွှေငါးဆယ်သားခန့် သွားတယ်လို့ ဆိုင်ပိုင်ရှင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

“ ရွှေငါးဆယ်သားပါသွားတယ်။ လူခြောက်ဦး သေနတ်အတိုလေးလက်နက်နဲ့  ကောင်လေးတွေလားကောင်မလေးတွေလားဆိုတာတော့ သေချာမသိဘူးအဲ့အချိန်က လူနည်းနည်းပျက်တဲ့အချိန်” လို့ ဆိုင်ပိုင်ရှင်နဲ့ နီးစပ်သူတစ်ဦးက ရှမ်းနီအသံကိုပြောပြပါတယ်။ 

နေ့လည် ၁၂ နာရီ ထမင်းစားနားသည့်အချိန်တွင် ရွှေဆိုင်မှာ ဝန်ထမ်းအနည်းငယ်သာရှိနေကြပြီး ဓားပြလာတိုက်တဲ့ လူတစ်စုက  ကိုက်အနည်းငယ်အကွာ  အဝတ်လဲပြီး ရွှေဆိုင်ထဲ ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

မိုးညှင်းမြို့ ဗောဓိကုန်းရွာမှာလည်း ဇွန်လ ၂၇ ရက်နေ့မှာ နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ 

ရှမ်းနီအသံကို ပြောဆိုဆက်သွယ်လာသည့်သတင်းများအရ မိုးညှင်းမြို့ပေါ်ရပ်ကွက်များမှာ ရက်ပိုင်းအတွင်း ဓားပြတိုက်မှု လေးခုအထိရှိခဲ့ပြီး ရှမ်းနီအသံက နှစ်ခုအတည်ပြုထားနိုင်တာလည်းဖြစ်ပါတယ်။ 

ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ပြုလုပ်တယ်ဆိုတာ မသိရသေးသလို ဖမ်းဆီးရမိခြင်းလည်းမရှိသေးဘူးလို့ မိုးညှင်းမြို့ခံတွေဆီကနေ သိရပါတယ်။ 

မိုးညှင်းမြို့နယ်အတွင်းမှာ လောင်းကစားဝိုင်းများတိုးများလာမှုတွေကြောင့် ဆိုင်ကယ်လုယက်မှုများလည်း မြို့နယ်အတွင်းမှာ မကြာခဏဖြစ်ပေါ်နေတယ်လို့ မိုးညှင်းဒေသခံတွေက ပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *