မိုးညှင်းမြို့အနီးရှိကျေးရွာအချို့တွေမှာစစ်မှုထမ်းဆောင်ရန်မဲနှိုက်နေရပြီလို့ဆို

မတ် ၂၀ ၊ မိုးညှင်း 

မိုးညှင်းမြို့အနီးရှိ ကျေးရွာအချို့တွေမှာ ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ဖို့အတွက် မဲနှိုက်စနစ်ဖြင့် စတင်ပြုလုပ်ဖော်ဆောင်နေပြီလို့ ဒေသခံများထံမှ သိရပါတယ်။

  “ဒီမြို့နီးပတ်လည်ရွာအားလုံး မဲတွေနှိုက်ခိုင်းတာတဲ့  တစ်လှည့်စီတစ်လှည့်စီ  ပင်ရဲလှရွာ ကအရင်လို့ပြောတာပဲ မိုးညှင်းကနေ အခွဲရွာသေးသေးလေးတွေကတော့ ကြားနေရပြီ မိုးညှင်းမြို့ထဲရပ်ကွက်တွေမှာတော့ မကြားသေးဘူး”လို့ ပင်ရဲလှကျေးရွာသူ တစ်ဦးက ပြောပြပါတယ်။

   မိုးညှင်းမြို့နှင့် တစ်မိုင်ကျော် အကွာအဝေးရှိတဲ့ ပင်ရဲလှကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ(၁၈)ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသက်(၃၀)နှင့်(၃၅)အတွင်းရှိ လူလတ်ပိုင်းကျေးရွာသားများကို  စုစည်းခေါ်ဆောင်ကာ စစ်မှုထမ်းမဲစတင်နိုက်ခိုင်းနေပြီဖြစ်ကြောင်း သိရပါတယ်။

  ကျေးရွာသားများရဲ့ပြောပြချက်အရ ၎င်းအသက်အပိုင်းအခြားထဲမှ (၅)ဦးကို စစ်မှုထမ်းဆောင်ရန်ခေါ်ဆောင်မှာဖြစ်ပြီး အသက်(၂၀)ကျော်နှင့် (၃၀)အတွင်းရှိ လူငယ်များကိုတော့ နောက်ထပ်မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်မှာဖြစ်တယ်လို့ ဆိုကြပါတယ်။

   ဒါ့အပြင် မြို့အနီးပတ်ဝန်းကျင်ရှိ အုတ်ကျင်း၊ နန်းမား၊ ညောင်ကုန်း စတဲ့ကျေးရွာတွေအပြင် ကျန်ကျေးရွာအတော်များများကိုလည်း  လူစစ်ဆေးတာ ၊ စာရင်းကောက်ခံတာ၊ ရပ်ကွက်အတွင်း ဆင့်ခေါ်စာပေးပို့တာတွေကို ပြုလုပ်နေပြီး အချို့ကျေးရွာတွေမှာတော့ ယခုလိုမဲစနစ်ဖြင့် စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလမှာ အသက်သွင်းခဲ့တာဖြစ်ပြီး လာမယ့် ဧပြီလမှစတင်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *