ကချင်နှင့် စစ်ကိုင်း နယ်စပ်ရှိ မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ၁၂ ဘီးယာဉ်ပေါ်ကနေ ကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၆.၆ ကီလို ကိုဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့မှာ မန္တလေးမြို့ကနေ မိုးညှင်းမြို့ဘက်ကို ကိုဇော်မျိုးဦး နဲ့ ကျော်မင်းထွန်း(ခ)ညိုချော မောင်းနင်လာတဲ့ (၁၂) ဘီးကားကိုစစ်ဆေးရာမှာ စက္ကူဂျပ်ဖာများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားတဲ့ ဘိန်းဖြူတွေကိုတွေ့ရှိမိခဲ့တာလို့ပြောပါတယ်။
သူတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် ကွင်းဆက်တွေအနေနဲ့ ဘိန်းဖြူတွေ သယ်ဆောင်ခိုင်းသူ ကိုဇော်ဇော်ထိုက်ကိုလည်း မြစ်ကြီးနားမြို့ ၊ အေးမြသာယာရပ်ကွက်၊ လမ်းသွယ်(၁၃)က သူ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
သူတို့သုံးဦးလုံးကို မိုးညှင်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။
ဩဂုတ်လ တစ်လအတွင်းမှာ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း နှစ်ထောင့်ရှစ်ရာကျော်ဖမ်းမိခဲ့ပြီး သယ်ဆောင်သူ ၊ ရောင်းဝယ်သူ (၆) ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးတန်ဖိုး ကျပ်သန်းခြောက်ထောင်ကျော်နဲ့ လူသုံးရာကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။