စက်တင်ဘာ ၂၁ ၊ မိုးမိတ်
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် ဟွေခမ်းတောင်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA. နှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ SSPP/SSA က သတင်းထုတ်ပြန်ပါတယ်။
အင်အား ၇၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဝမ်အုံကျေးရွာရဲ့ မြောက်ဘက် တစ်မိုင်အကွာ ဟွေခမ်းတောင်ကြောက SSPP/SSA လှုပ်ရှားနယ်မြေထဲ ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားမှုနဲ့ လက်နက်ကြီး လက်နက်ငယ်အသံတွေကို နေ့တိုင်းကြားနေရတယ်လို့ ၀မ်အုံကျေးရွာအနီးက ဒေသခံတွေကလည်း အတည်ပြု ပြောဆိုပါတယ်။
ဟွေခမ်းတောင်ကြောမှာ SSPP/SSA. နဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့မှ စစ်ကောင်စီတပ်တွေက SSPP/SSA. တပ်တွေကို မိုးမိတ်မြို့နယ်ထဲကနေနုတ်ထွက်သွားပေးဖို့ ဖိအားပေးပြောဆိုပြီးနောက် နုတ်ထွက်ပေးတာမရှိတာကြောင့် စက်တင်ဘာလ ၁၇ ရနေ့မှာ စစ်ကောင်စီရဲ့ ခမရ (၃၄၈) ၊ ခလရ (၂၇၆) တပ်တွေက ထိုးစစ်ဆင်မှုတွေ စတင်ပြုလုပ်လာတာလို့ SSPP ဘက်က သတင်းထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာနဲ့ ဝမ်အုံကျေးရွာကြားမှာ ဇူလိုင် ၁ ရက်နေ့ကလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု တစ်ကြိမ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
SSPP/SSA က စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။