အောက်တိုဘာ ၂၆ ၊ မိုးမောက်
မိုးမောက်မြို့နယ် လုံဂျာတောင်အနီးဝန်းကျင်မှာ KIA နှင့် စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ တစ်ထောင်နီးပါးရှိနေပြီး အကူအညီပေးကြဖို့အတွက် ရှမ်းအရပ်ဘက်အဖွဲ့ အစည်းတွေက တိုက်တွန်းထားပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့မှာ မိုးမောက်မြို့ပေါ်ရှိ လောကမာရစိန်ဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်လာသည့် စစ်ရှောင်များကို Tai Youth Yangon အဖွဲ့က စုပေါင်းပြီး ငွေကျပ် ခုနှစ်သိန်းခွဲကျော် ကူညီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းပြည်ပရှိ ရှမ်းအရပ်ဘက်အဖွဲ့အစည်း (၉) ဖွဲ့ကိုလည်း ဆက်သွယ်ပြီးကူညီလှူဒါန်းနိုင်ကြောင်း အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားကြပါတယ်။
လုံဂျာကျေးရွာ ၊ နောင်ပေါင်းကျေးရွာကနေ မိုးမောက်မြို့နယ်ကို တိမ်းရှောင်လာကြသူတွေက နေထိုင်စရာ နဲ့ အစားအသောက်အခက်အခဲတွေကြုံတွေ့နေရတယ်လို့ စစ်ဘေးတိမ်းရှောင်သူတွေက ဆိုကြပါတယ်။
“ လက်ရှိကျွန်တော်တို့ အလုပ်လည်းမလုပ်နိုင်ကြဘူးဆိုတော့ အဓိက အခက်အခဲက အစားအသောက်ပါပဲ ၊ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါတော့ သူတို့အတွက်ဆေးဝါးတွေလည်းလိုတယ်” လို့ မိုးမောက်ရှမ်းစာပေယဉ်ကျေးမှု ကော်မတီကတာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့ ကနေ မိုးမောက်မြို့နယ် လုံဂျာတောင်ဝန်းကျင်မှာ KIA. နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မိုးမောက်မြို့အနီးဝန်းကျင်မှာဖြစ်ပြီး စစ်ဘေးရှောင်တွေက မိုးမောက်မြို့ပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းတွေမှာ ထွက်ပြေးခိုလှုံကြသလို ဗန်းမော်မြို့နဲ့ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ထွက်ပြေးတိမ်းရှောင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။