မိုးမောက်မြို့နယ်အတွင်း KIA နှင့်စစ်ကောင်စီတို့တိုက်ပွဲကြောင့်စစ်ဘေးရှောင်များအကူအညီလိုအပ် 

အောက်တိုဘာ ၂၅ ၊ မိုးမောက် 

မိုးမောက်မြို့နယ်အတွင်း လုံဂျာတောင်အနီးဝန်းကျင်မှာ  KIA နှင့် စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့်   စစ်ဘေးရှောင်တွေက မိုးမောက်မြို့နယ်အတွင်းကို ထွက်ပြေးတိမ်းရှောင်လာပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

အောက်တိုဘာ ၂၀ ရက်နေ့ကနေ အောက်တိုဘာလ ၂၄ ရက်နေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ တရုတ်ပြည်ကရော၊ အထက်ပိုင်းကရော ကူညီစောင့်ကြည့်ပေးကြပါအုံး  ကျွန်မတို့ရဲ့ လုံဂျာကျေးရွာသူ/သားတွေက မျက်ရည်မျက်ခွက်တွေနဲ့ အကူအညီပေးကြပါအုံး ဒီလောက်ပဲပြောနိုင်တော့တယ်”လို့ လုံဂျာကျေးရွာက ရှမ်းအမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။ 

စစ်ဘေးတိမ်းရှောင်လာသူတွေဟာ မိုးမောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရှားရှိခိုးကျောင်းတွေမှာ လာရောက်တိမ်းရှောင်နေပြီး နေရာထိုင်ခင်း နဲ့ အစားအသောက်တွေအတွက် အခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့ ရှမ်းစစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။ 

  “ စားသောက်စရာလည်းခက် ၊ နေစရာလည်းခက်တယ်။ မထင်မှတ်ပဲဒီလိုဖြစ်လာတာ၊  ဒီလိုတိုက်ပွဲဖြစ်တာ သုံးရက်ရှိသွားပြီ လေယာဉ်ပျံတွေလည်းလာချနေတယ်။ တိုက်ကြတာလည်း နေ့နေ့ညည ၊  ဘာအဝတ်အစားမှလည်းမရခဲ့ဘူး။ ကိုယ်လွတ်ပဲပြေးခဲ့ရတာ” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ 

တိုက်ပွဲကြောင့် ရင့်မှည့်နေတဲ့ စပါးခင်းတွေကိုပစ်ပြီးပြေးခဲ့ကြရသလို မွေးမြူထားတဲ့ ကျွဲနွားနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ထားရစ်ခဲ့ကြရတာဖြစ်ပြီး အိမ်ပြန်ဖို့ လက်ရှိအချိန်ထိ မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။ 

မိုးမောက်မြို့နယ်အတွင်းမှာ ၂၀၂၁ ဧပြီလ ကနေ မေလအထိ စလောင်းကုန်းတိုက်ပွဲဖြစ်ပွားပြီး တစ်နှစ်ကျော်အကြာမှာ ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်​။ 

Leave a Reply

Your email address will not be published. Required fields are marked *