ဧပြီ ၅ ၊ ကောလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းမြို့နယ်မှာ မုခ်ဝကျေးရွာဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့တဲ့ ဆင်းမကျေးရွာသား ကိုတင်မင်းဟာ ပြီးခဲ့တဲ့ မတ်လကုန်မှာ မြွေပွေးကိုက်လို့ သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကနေ သိရှိရပါတယ်။
“ ပြေရင်းလွှားရင်းနဲ့ တိမ်းကြရှောင်ကြဆိုတော့လေ အဲ့ဒီဘက်တွေက ခဏခဏ ဖြစ်ကြတာ။ အဲ့ဒီဘက်တွေက ဆေးရုံ ဆေးခန်းတွေလည်း မရှိဘူးဆိုတော့ သွားဖို့ လာဖို့ကလည်း မလွယ်ဘူးလေနော။ မြွေဆေးတွေကလည်း ရှားတယ်လေ။ ကောလင်းဘက်က ရိုးနေပြီ ” လို့ မိသားစုနှင့်နီးစပ်သည့် ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
မြွေပွေး၊ မြွေဆိုး ကိုက်ခံရမှုဟာ ဒေသတွင်းမှာ မကြာခဏဖြစ်ပွားနေပေမယ့်လည်း မြွေဆိပ်ဖြေဆေး နှင့် ဆေးရုံ၊ ဆေးပေးခန်းမရှိတဲ့အတွက် သေဆုံးသူ များပြားတယ်လို့ သိရပါတယ်။
ကောလင်း ၊ ကန့်ဘလူမြို့နယ် နယ်စပ်ဒေတွေဖြစ်တဲ့ ကိုးတောင်ဘို့၊ ချပ်သင်း စတဲ့ တိုက်နယ်တွေမှာ စစ်ရှောင်များ မြွေပွေးကိုက်ခံရမှုတွေ အများဆုံးသော နေရာတွေလည်းဖြစ်ပါတယ်။
“ ကန့်ဘလူမြို့နယ်နှင့် ကောလင်းအစပ် အဲ့ဒီ ချပ်သင်းတို့ ကိုးတောင်ပို့ တို့ဘက်တွေဆိုရင် ခဏခဏ ဖြစ်ကြတာလေ။ ကိုက်လိုက်ရင် သေကြတာများတယ် ဆေး မရှိကြတဲ့အတွက်လေ ဗမာဆေး၊ သစ်ဥသစ်မြစ်လေးတွေနဲ့ ဖြစ်သလိုလေးတွေနဲ့ လိုက်လျှောက်ကု အဲ့လို လုပ်ကြတာတွေဆိုတော့။” လို့ ကောလင်းဒေသခံ တစ်ဦးကပြောပါတယ်။
ကောလင်းမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်များ မြေဆိုးကိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူအရေအတွက်ကိိုတော့ မသိရပေမယ့် ကောလင်းနယ်စပ်ဖြစ်တဲ့ ကန့်ဘလူမြို့နယ် ၊ ကျွန်းလှမြို့နယ် တွေမှာ ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ ၁၀၀ ကိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
လက်ရှိ ကောလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသတွင်းနေ ပြည်သူလူထုတွေက စစ်ဘေးတိမ်းရှောင်နေရဆဲပဲ ဖြစ်ပါတယ်။