ဇူလိုင် ၂၄ ၊ လားရှိူး
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းစတင်ခဲ့တဲ့ ဇွန်လ(၁၉)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ နှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သား(၄၆)ဦးသေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)ရဲ့ စာရင်းပြုစုထုတ်ပြန်ထားမှုအရ သိရှိရပါတယ်။
သေဆုံးခဲ့တဲ့အရပ်သားတွေက ပူးပေါင်းတပ်ဖွဲ့သုံးဖွဲ့ဖြစ်တဲ့ TNLA+ MNDAA +PDFတို့က မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ နောင်ချို့မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်းက ဒေသခံပြည်သူတွေပဲဖြစ်ပါတယ်။
ဒီသုံးမြို့နယ်မှာ သေဆုံးတဲ့သူတွေအပြင် ဒဏ်ရာရရှိသူ(၃၅)ဦးနဲ့ နေအိမ်အဆောက်အဦးပျက်စီးမှု (၁၅၀)ကျော် ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဇွန်လ(၂၅)ရက်နေ့ကနေ (၃၀)ရက်နေ့အထိ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နောင်ချိုမြို့နယ်က အရပ်သားသေဆုံးသူ (၂)ဦး၊ ဒဏ်ရာရရှိသူ (၄)ဦးအပြင် ဘုန်းကြီးကျောင်းနဲ့ နေအိမ်စုစုပေါင်း အဆောက်အဦး(၄၀)ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကျောက်မဲမြို့နယ်မှာလည်း သေဆုံးသူ(၄၄)ဦး၊ ဒဏ်ရရှိသူ (၂၅)ဦး ၊အဆာက်အဦးပေါင်း (၁၀၀)ကျော်ပျက်စီးခဲ့ပြီး သီပေါမြို့နယ်မှာတော့ ထိခိုက်သူ (၆)ဦး၊ နေအိမ်ပျက်စီးမှု(၆)လုံးရှိခဲ့ကာ သေဆုံးသူတွေတော့ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ရှမ်းကျောင်းများသားသမဂ္ဂ (Tai Students Union) ကတော့ စစ်ကောင်စီတပ်ဖွဲ့များနည်းတူ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကလည်း ဒေသခံပြည်သူများကို အတင်းအကြပ်တပ်သားစုဆောင်းတာတွေ၊ မြို့တွင်းသို့ ၎င်းတို့ရဲ့ရှော့တိုက်ဒုံးပစ်ခတ်ခဲ့မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ရှိနေတယ်လို့ ဖော်ပြလာပါတယ်။
သူတို့ရဲ့စာရင်းပြုစုထားမှုမှာ ဇွန်လ(၂၅)ရက်နေ့ကနေ ဇူလိုင်လ(၁၈)ရက်နေ့အထိ သုံးပတ်တာအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များကြောင့် အရပ်သား(၁၄၁)ဦး သေဆုံးခဲ့ပြီး အများဆုံးသေဆုံးမှုဟာ စစ်ကောင်စီတပ်ဖွဲ့များကြောင့်ဆိုပေမယ့် မဟာမိတ်သုံးဖွဲ့ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြကြောင်း ရှုံချပြောဆိုထားပါတယ်။