မြစ်ကြီးနားမြို့ကို စစ်ဘေးရှောင်လာသည့်  ဆင်ဘိုမြို့ဒေသခံတစ်ရာကျော်ကိုရှမ်းနီအဖွဲ့များက စားနပ်ရိက္ခာများသွားရောက်လှူဒါန်း

မေ ၇ ၊ မြစ်ကြီးနား

ဆင်ဘိုမြို့ကနေ မြစ်ကြီးနားမြို့ကို စစ်ဘေးတိမ်းရှောင်လာကြတဲ့ ဆင်ဘိုဒေသခံတစ်ရာကျော်ကို ဇီးကျွန်းရှမ်းနီလူမျိုးများအဖွဲ့က မနေ့က မေလ (၆)ရက်နေ့မှာ  စားနပ်ရိက္ခာအချို့ သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

    ဆင်ဘိုမြို့ ဒေသခံစစ်ဘေးရှောင်တွေက  မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ ပညာဒီပဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ(၄၂)ဦး၊ နောင်ခမ်းဘုန်းတော်ကြီးကျောင်းတွင်(၇၀)ဦးခန့်  ခိုလှုံနေကြရတယ်လို့ တိမ်းရှောင်နေသူများထံမှ သိရပါတယ်။

    “ အဲ့ဒီနှစ်ကျောင်းတွေမှာ ဆင်ဘိုအဖွဲ့တွေရှိထားတယ်လို့သိထားတယ်ဗျ ကျွန်တော်တို့က ကျောင်းတစ်ကျောင်းကိုပဲကပ်ထားပြီးတော့ ဟိုဘက်ကျောင်းကိုပါ သူတို့ကပြန်ခွဲဝေပေးမယ်လို့ သိထားတယ်ပေါ့လေနော့ ဆန်၊ဆီ၊ဆား၊ ဘူးသီး၊ရွှေဖရုံသီး၊သရက်သီးတို့ ဒေသထွက်ကုန်တွေကို သွားလှူခဲ့ပါတယ်”လို့  သွားရောက်လှူဒါန်းခဲ့သူတစ်ဦးက ပြောပြပါတယ်။

    ဆင်ဘိုမြို့ စစ်ဘေးရှောင်သူတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကနေစတင်ကာ တဖြည်းဖြည်းစတင်ပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပြီး သုံးလနီးပါးကြာသည့်တိုင်အောင် နေထိုင်နေရဆဲစစ်ရှောင်များလည်းရှိနေတယ်လို့ ဆိုပါတယ်။ 

  “ အကုန်လုံးတော့မဟုတ်ပါဘူး တစ်ချို့တွေလည်းကျန်နေတယ်မြို့ပေါ်မှာ ဘာကြောင့်လဲဆိုရင် ငွေရေးကြေးရေးပြဿနာတွေ၊ အသွားအလာတွေကလည်းပိတ်ထားတာ အဲ့ဒါတွေကြောင့်လည်းကျန်ထားတာ တစ်ချို့ကျတော့လည်း ကျွန်တော်တို့အခင်းလုပ်တဲ့ရေလယ်ကျွန်းမှာလည်းပဲ ရွှေ့ပြီးနေကြတာတွေလည်းရှိတယ် အေ့လိုတွေ” လို့ စစ်ဘေးတိမ်းရှောင်လာသူ ဆင်ဘိုဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

   ဆင်ဘိုမြို့မှာ အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများလည်း ပြတ်တောက်နေပြီး မြို့တွင်အခြေအနေများကို သေသေချာချာဆက်သွယ်သိရှိနိုင်ခြင်းမရှိသေးပဲ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန် ကြာမြင့်ဦးမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ 

  ဆင်ဘိုမြို့ကို တော်လှန်ရေးတပ်KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ(၁၀)ရက်နေ့ကနေ မြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး မကြာသေးမီ ဧပြီလ ၂၈ ရက်နေ့မှာ  စစ်ကောင်စီရဲ့ဆင်ဘိုမြို့စောင့်တပ်ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *