မြစ်ကြီးနားမြို့တွင် ရှမ်းမျိုးနွယ်စုများ စစ်ဘေးရှောင်စခန်း ၂ ခု ထားရှိပြီး စစ်ဘေးရှောင်များကို ကူညီထား 

စက်တင်ဘာ ၂၇ ၊ မြစ်ကြီးနား 

ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA + PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် မြစ်ကြီးနားမြို့ကို တိမ်းရှောင်လာသူတွေကို စစ်ဘေးရှောင် စခန်း ၂ ခု ထားရှိပြီး ကူညီပေးနေတယ်လို့ စုံစမ်းသိရပါတယ်။ 

လောလောဆယ်က နှစ်နေရာ ငါတို့ ဓမ္မာရုံမှာက တစ်နေရာ ၊ နောက်တစ်နေရာက မြင့်ငြိမ်းအေးဓမ္မာရုံ၊ ဒါက Camp ရှိတဲ့နေရာက နှစ်ခုပေါ့ ၊ ဒုက္ခသည်တွေကတော့ ဘုန်းကြီးကျောင်းတိုင်းမှာရှိတယ်၊ အဓိကတော့ ဆန်အိတ်တွေ လှူကြတယ်၊ ပိုက်ဆံလှူတဲ့ဟာရှိတယ်၊ သူတို့က ဘယ်ပြန်လို့ရမလဲ” လို့ စစ်ဘေးရှောင်စခန်းတည်ထောင်သူထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။ 

မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စု ဓမ္မာရုံဝန်း နဲ့ မြင့်ငြိမ်းအေး ဓမ္မာရုံ ဝင်းအတွင်းမှာ စစ်ဘေးရှောင်စခန်းတဲများကို နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီတည်ဆောက်ပေးခဲ့တာလည်းဖြစ်ပြီး လူဦးရေ ငါးရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ 

လတ်တလောမှာ ဒေသခံအလှူရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့က စစ်ဘေးတိမ်းရှောင်တွေရဲ့ နေထိုင်စားသောက်ရေးတွေကို ကူညီနေတာဖြစ်ပြီး လိုအပ်မှုတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။ 

ထိုစစ်ရှောင်စခန်းနှစ်ခုက ကနဦးက ဝိုင်းမော်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေသာရှိနေပြီး လက်ရှိမှာ ဖားကန့်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာသူများလည်း ရှိလာနေပြီလို့သိရပါတယ်။

အခုက ဖားကန့်ဘက်က ပြေးလာတဲ့သူတွေ  ရှမ်းတိုင်းရင်းသားတွေက အဲ့ကို( စစ်ဘေးရှောင်စခန်း) ကိုလာနေတယ် ၊ စာရင်းကတော့ သေချာမသိရသေးဘူး” လို့ ရှမ်းမျိုးနွယ်စုများ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီဝင် တစ်ဦးက ပြောပါတယ်။ 

ကချင်ပြည်နယ် ဝိုင်းမော်မြို့က တိုက်ပွဲတွေကြောင့်  မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်အတွင်းက မိုင်းနား၊သာဂရ၊သိမ်ကြီးစု၊မုတ်လွဲ၊ခတ်ချိုအထက်ပိုင်း ဝေဠုဝန်ဘုန်းကြီးကျောင်း၊အလယ်ပိုင်း ဘုရားကြီးကျောင်းတိုက်၊မာန်အောင်ကျောင်းတိုက်၊တိုက်ကုန်းကျောင်းတိုက်၊နောင်ပကပ် စသည့် စစ်ရှောင်းစခန်းများတွင် လူဦးရေ ( ၁၄၉၂ )ဦးအထိရှိပြီး တခြားသော ကချင်တိုင်းရင်းသား Camp တွေမှာလည်း ထောင်နှင့်ချီရှိနေတာလည်းဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းပေါ်ရှိ ကျေးရွာတွေအားလုံး တိမ်းရှောင်ခဲ့ရပြီး ဒေသခံသောင်းနှင့်ချီဟာ မြစ်ကြီးနား ၊ဝိုင်းမော် ၊ ဗန်းမော်မြို့တွေမှာ တိမ်းရှောင်နေကြရဆဲလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *