မြစ်ကြီးနားမြို့မှာပြည်သူ့စစ်မှုထမ်းဖို့အတွက်စာရင်းကောက်ယူမှုစတင်နေ

မတ် ၂၁ ၊ မြစ်ကြီးနား 

မြစ်ကြီးနားမြို့မှာ ပြည်သူ့စစ်မှုထမ်းဖို့ခေါ်ယူဖို့အတွက်  ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ယူမှုနဲ့ စစ်မှုထမ်းဖို့ ပါဝင်သူတွေကို ရွေးချယ်မှုတွေ ပြုလုပ်နေပြီလို့ စုံစမ်းသိရပါတယ်။  

စစ်မှုထမ်းဖို့အတွက်  လူစာရင်းကောက်ယူရာမှာ စစ်ကောင်စီက ချမှတ်ခဲ့တယ်လို့ဆိုပြီး တခြားလူမျိုးတွေထက်  ရှမ်းလူမျိုးများကို ဦးစားပေးကောက်ယူတယ်လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ သူတို့က အထက်ကချတာလို့ပြောတာပါ့။ ငါ့တို့ ဒီက သံသယရှိတယ်။ ထင်တာတော့ ကိုယ့်ရပ်ကွက်ထဲက ကိုယ့်အုပ်ချုပ်ရေးမှူးတွေပဲ စာရင်းပေးတယ်ထင်တာပါ့” လို့ မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

သင်တန်းပေးမည့်နေ့ရက်ကို အတိအကျ ကြေညာထားတာမရှိသေးပဲ စာရင်းကောက်ယူတာဖြစ်ကာ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်မှာ လူ (၂၀) ဦးရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။ 

ပမ္မတီးဒေသခံတွေပြောကြားချက်အရ  မဲနှိုက်ပြီး ရွေးချယ်မှုမဟုတ်ပဲ စာရင်းအတိအကျဖြင့် ဆင့်ခေါ်တာဖြစ်လို့ လူငယ်တွေကြား မကျေနပ်မှုတွေရှိနေတယ်လို့ ဆိုကြပါတယ်။ 

“ ငါတို့ ရှမ်းတွေခပ်များများပါ၊ ဗမာတွေကို မခေါ်ပဲနဲ့ ရှမ်းတွေကြီးပဲ ကောက်ထည့်တယ်ဆိုပြီးတော့ နည်းနည်းကွိုင်တက်နေတာ ကမ်းနားဘေးဘက်ကတွေက၊ ခုပထမအသုတ်ကတော့ ၂၀ ပေါ့ ပမ္မတီးရပ်ကွက်ပဲ လူ ၂၀ ပေါ့” လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက ဆက်လက်ပြောပြပါတယ်။

စစ်မှုထမ်းမှု ဥပဒေကို စတင်အကောင်အထည်ဖော်နေခြင်းကြောင့် လူငယ်တချို့လည်း မြို့ကနေ စွန့်ခွာရှောင်တိမ်းမှုတွေရှိလာနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *